Sunday, October 13, 2013

အရည်အသွေးမမီးသောစားအုန်းဆီများကိုပြန်လည်ပြုပြင်ပြီးဖြန့်ဖြူးခွင့်ပြု

အရည်အသွေးမမီသော စားအုန်းဆီများကို ပြန်လည်ပြုပြင်ပြီး ဖြန့်ဖြူးခွင့်ပြုထားကြောင်း စီးပွား/ကူးသန်း ဒုဝန်ကြီး ပြောကြား ပြည်ပမှတင်သွင်းသော အရည်အသွေးမမီသည့် စားအုန်းဆီများကို စားသုံးရန်သင့်သည်အထိ ပြုပြင်ပြီးမှသာ ဖြန့်ဖြူးခွင့်ပြုထားကြောင်း အောက်တိုဘာ ၈ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီးဒေါက်တာ ပွင့်ဆန်းက စားအုန်းဆီများ၏ အရည်အသွေး စစ်ဆေးဖြန့်ဖြူးမှုများနှင့် ပတ်သက်၍ မေးခွန်းဖြေကြားရာတွင် ပြောကြားသည်။ ''စားအုန်းဆီများ ပြည်ပမှတင်သွင်း ဖြန့်ဖြူးရောင်းချရာမှာ အရည်အသွေး စံချိန်စံညွှန်းနှင့် ကိုက်ညီသည်အထိ ပြုပြင်ပြီးမှသာ ဖြန့်ဖြူးခွင့်ပြုပါကြောင်း၊ အရည်အသွေးမမီ တင်သွင်းလာတဲ့ ကိစ္စများတွေ့ရှိပါက ပြည်သူကို ဖြန့်ဖြူးခွင့်မပြုဘဲ စားသုံးရန်သင့်သည်အထိ ပြုပြင်ပြီးမှသာ ဖြန့်ဖြူးခွင့်ပြုပါကြောင်း၊ ဖြန့်ဖြူးရာမှာလည်း ပိုမိုစနစ်ကျတဲ့ အစီအမံများကို ကဏ္ဍအလိုက် သက်ဆိုင်သူများနဲ့ ညှိနှိုင်းရေးဆွဲ၍ အရေးယူမှုများကို ပြုလုပ်သွားရန် ရှိပါကြောင်း၊ ယခင် ၂၀၁၂ ခုနှစ် နယ်စပ်ဒေသမှ အသုံးပြုပြီး မြောင်းဆီများ ၀င်ရောက်လာတာကို ကြားသိရတဲ့အတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူးပေါင်း၍ ၀င်ရောက်တဲ့ လမ်းကြောင်းနဲ့ ဈေးကွက်များအတွင်း စုံစမ်းဖော်ထုတ် အရေးယူဟန့်တား နိုင်ခဲ့တဲ့ ဖြစ်စဉ်များ ရှိခဲ့ပါကြောင်းနဲ့ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက အများပြည်သူအတွက် ပိုမိုထိရောက်တဲ့ အကာအကွယ်ပေးမှုနဲ့ တားဆီးကာကွယ်မှုများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်'' ဟု အနှစ်ချုပ် ဆက်လက်ဖြေကြားရာတွင် စီးပွား/ကူးသန်း ဒုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။ ပြည်ပမှ စားအုန်းဆီများ တင်သွင်းရာတွင် သင်္ဘောပေါ်ရှိအချို့ ဆီကန်များတွင် ရေခိုးရေငွေ့ (သို့မဟုတ်) ရေပါဝင်နေသည့် လက္ခဏာများ တွေ့ရှိပါက သီးခြားဆီကန်တွင် ချယူစေပြီး အပူပေး၍ ရေငွေ့ပျံစေသည့် နည်းဖြင့်လည်းကောင်း၊ ဆီနှင့်ရေကို အလွှာလိုက်ရှိစေပြီး ရေကိုဖယ်ထုတ်သည့် နည်းဖြင့်လည်းကောင်း သန့်စင်ကြောင်း၊ အချို့ ဆီများသည် Cloud Point 8 နှင့် ကိုက်ညီမှုမရှိ၍ ဆီများမှုန်နေခြင်း တွေ့ရှိသည့်အတွက် ဆီကန်သို့ သီးခြားချယူစေပြီး သိုလှောင်ကန်များရှိ အပူပေးကွိုင်များဖြင့် အပူပေးခြင်း၊ အအေးခံခြင်း၊ အနည်ထိုင်စေခြင်းများ ပြုလုပ်ပြီး အနည်ဖြစ်နေသည့် tearin များကို ဖယ်ထုတ် သန့်စင်ခြင်းများ ပြုလုပ်ကြောင်း၊ အချို့ဆီများမှာ အချဉ်နံ့ထွက်၍ အမြှုပ်များ ဖြစ်ပေါ်နေသည့်အတွက် သီးခြား ဆီသန့်စက်များတွင် သန့်စင်စေခြင်း Refine ပြုလုပ်ကြောင်း၊ သန့်စင်ပြီးဆီများကို FDA သို့ ထပ်မံပို့ဆောင်ပြီး စားသုံးရန်သင့်ကြောင်း ထောက်ခံချက်ရရှိမှသာ ဖြန့် ဖြူးစေကြောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။ ထို့အတူ ပြည်ပမှ စားအုန်းဆီတင်သွင်းသူများ၊ ဆီသိုလှောင်ကန်ပိုင်ရှင်များ၊ ပြည်တွင်း လက်ကားဖြန့်ဖြူးရောင်းချသူများ၊ လက်လီ ဖြန့်ဖြူးသူများ အားလုံးသည် မိမိအပိုင်းအလိုက် ဆီအရည်အသွေးနှင့် ပတ်သက်၍ တာဝန်ခံသည့် စနစ်တစ်ခုကို မဖြစ်မနေ ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောကြားသည်။ ထို့အပြင် ဆီအရည်အသွေးနှင့် ပတ်သက်၍ တင်သွင်းရာတွင် သတ်မှတ်ချက်နှင့်အညီ တင်သွင်းမှုမရှိသည့် ကုမ္ပဏီများနှင့် တာဝန်ရှိသူများကို အမည်ပျက်ကြေညာ သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ''ကျွန်တော်တို့အမြင်ကတော့ မသန့်ပါဘူးလို့ ဆိုတဲ့ဆီကို ဘယ်လိုပဲ သန့်စင်သန့်စင် ပျောက်ပါ့မလား ဆိုတဲ့ သံသယဖြစ်မိပါတယ်။ ဒီလိုသန့်စင်မှုဟာ ဓာတုပါတဲ့ သန့်စင်မှုဆိုရင်တော့ ဖြန့်ဖြူးဖို့ မသင့်ပါဘူးလို့ အကြံ ပြုလိုပါတယ်'' ဟု စားအုန်းဆီများ ပြန်လည်သန့်စင်ပြီး ဖြန့်ဖြူးမှုအပေါ် ၎င်း၏အမြင်ကို ပြောကြားသည်။

No comments: