Thursday, October 3, 2013

ပြုမှာလား ပြင်မှာလား ပြောင်းမှာလား

ပြုမှာလား၊ ပြင်မှာလား၊ ပြောင်းမှာလား (ဆောင်းပါးရှင် - အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) ) ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော- ဘုရားပွင့်ဖို့၊ ဘုရားသာသနာနဲ့ တွေ့ကြုံရဖို့ဆိုတာ အလွန်တရာ ရခဲတဲ့ ဆုလာဘ်ကြီးတစ်ခုပါ။ သာသနာငါးထောင်ဆိုတာ သံသရာနဲ့ ခြုံကြည့်က ဘာမျှမကြာပါ။ သာသနာနဲ့ တွေ့ကြုံရတဲ့ အခိုက်အတန့်ဟာ လကွယ်ည သန်းခေါင်ယံ၊ တောကြီးမြက်မည်းတစ်နေရာ၊ လေးဘက်လေးတန် မိုးတိမ်တွေအုံ့ဆိုင်း မိုးမှောင်ကျနေချိန် လျှပ်စီးလေးတစ်ချက် ဖျတ်ခနဲ လက်သွားတဲ့အချိန်မျှသာ ကြာမြင့်ကြောင်း စာကဆိုပါတယ်။ ယခုမိမိတို့ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ တွေ့ကြုံခွင့်ရနေတာ အင်မတန် ကံကောင်းတယ်လို့မှတ်ပါ။ ဗုဒ္ဓသာသနာ အဆုံးအမအောက်မှာ သမ္မာဒိဋ္ဌိမျက်လုံးပွင့်ပြီး ကံကံ၏အကျိုး သိမြင်နားလည်ခွင့်ရနေတာ၊ မကောင်းမှုကိုပယ်၊ ဒါနအမှုပြု သီလအမှုပြု ဘာဝနာအမှုပြုကာ ကောင်းမှုကြွယ်အောင် လုပ်ပိုင်ခွင့်ရနေတာ အင်မတန် ထူးမြတ်တဲ့ဘ၀ပါ။ ဗုဒ္ဓမြတ်စွာဟာ သူကိုယ်တိုင် သုမေဓာရှင်ရသေ့ဘ၀မှ သိဒ္ဓတ္ထဘ၀သို့တိုင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြုစရာရှိတာပြု ပြင်စရာရှိတာပြင်ပြီး တစ်ဘ၀ပြီးတစ်ဘ၀ ဘ၀တွေ ပြောင်းပြောင်းလာ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် တင့်အောင် ကြိုးစားအားထုတ်ခဲ့လို့ သုံးလောကထွတ်တင် သဗ္ဗညုဗုဒ္ဓ ရှင်တော်မြတ်အဖြစ်သို့ ရောက်ခဲ့ရတာပါ။ ဒါကြောင့် လမ်းစဉ်ချမှတ်တဲ့အခါမှာလည်း သူ့ရဲ့လမ်းစဉ်ကို ပြုပြင်ရေးလမ်းစဉ်အဖြစ် ချမှတ်ခဲ့တာပါ။ အသိအမြင် မှန်ကန်အောင် ပြုရ၊ ပြင်ရပါတယ်။ အတွေးအခေါ် အယူအဆမှန်ကန်အောင် ပြုရ၊ ပြင်ရပါတယ်။ ပြောပုံဆိုပုံ မှန်ကန်အောင် ပြုရ၊ ပြင်ရပါတယ်။လုပ်ပုံကိုင်ပုံ မှန်ကန်အောင် ပြုရ၊ ပြင်ရပါတယ်။ အသက်မွေးမှု မှန်ကန်အောင် ပြုရ၊ ပြင်ရပါတယ်။ အားထုတ်မှု အားစိုက်မှု မှန်ကန်အောင် ပြုရ၊ ပြင်ရပါတယ်။ သတိရမှု၊ အမှတ်ရမှု မှန်ကန်အောင် ပြုရ၊ ပြင်ရပါတယ်။ စိတ်ထား၊ သဘောထား မှန်ကန်အောင် ပြုရ၊ ပြင်ရပါတယ်။ ပြုမှုပြင်မှု ပြီးပြည့်စုံတဲ့တစ်နေ့ လမ်းစဉ်ပြီးဆုံးပါတယ်။ ဗုဒ္ဓအဆုံးအမအောက်က ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ပြုစရာရှိတာကို ပြုနေရပါမယ်။ ပြင်စရာရှိတာကို ပြင်နေရပါမယ်။ ဒါ ဘ၀ပေးတာဝန်ပါ။ မိမိကိုယ်ကစပြီး လက်လှမ်းမှီရာ တစ်ပိုင်တစ်နိုင်၊ ထို့ထက် စွမ်းနိုင်က စွမ်းနိုင်သလောက် ပြုနေ၊ ပြင်နေရပါမယ်။ ပြုဆိုတာ အကျိုးပြုတာ၊ ပြင်ဆိုတာ လိုအပ်ချက်ကို ဖြည့်စွက်ပေးတာ၊ တည့်မတ်ပေးတာ၊ မွမ်းမံပေးတာ၊ လောကအနေ ဓမ္မအနေအားဖြင့် အားရကျေနပ်လောက်ဖွယ် ဘာတွေများ ပြုပြီးပြီလဲလို့ မိမိကိုယ်ကိုယ် ပြန်ကြည့်လိုက်၊ ဘာမှ အားရကျေနပ်လောက်ဖွယ် မရှိသေးပါလားဆိုတာ တွေ့ရပါမယ်။ ဒါဆိုရင်တော့ မိမိမှာ ပြုစရာတွေလည်း အများကြီး၊ ပြင်စရာတွေလည်း အများကြီးဆိုတာ အသေအချာပါ။ အဓိကကတော့ မိမိတို့ရဲ့ စိတ်ဓာတ်တွေကို ပြင်ကြရမှာပါ။ ဟေတုပစ္စည်းအရ ဟိတ်ခြောက်ပါးမှာ မကောင်းတဲ့ဘက်က လောဘ ဒေါသ မောဟ၊ ကောင်းတဲ့ဘက်က အလောဘ အဒေါသ အမောဟ၊ လောဘဆိုတာ မစွန့်လွှတ်နိုင်ခြင်း၊ မောဟဆိုတာ မသိတွေ ဝေမိုက်မဲမှု၊ အမောဟက အသိအလိမ္မာ ဉာဏ်ပညာ။ မိမိတို့ ပုထုဇဉ်ဘ၀မှာ အရင်းခံစိတ်က လောဘ ဒေါသ မောဟပါ။ ဒီတော့ မိမိတို့တာဝန်က လောဘကနေ အလောဘသို့ ပြောင်းအောင်၊ ဒေါသကနေ အဒေါသသို့ ပြောင်းအောင်၊ မောဟကနေ အမောဟသို့ ပြောင်းအောင် ပြုပေးရ ပြင်ပေးရမယ်။ လောဘ ဒေါသ မောဟကနေ လုံးဝ အလောဘ အဒေါသ အမောဟအဖြစ်သို့ ပြောင်းသွားတဲ့နေ့ဟာ ပြုခြင်းပြင်ခြင်းကိစ္စ ပြီးဆုံးတဲ့နေ့ပဲ။ လူ့ဘ၀ဆိုတာ ရှေးအတိတ်ကောင်းမှုကံ တစ်ခုခုကြောင့် ရလာတာပါ။ လက်ရှိဘ၀မှာ ကံစိတ် ဥတု အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးအပေါ်မှာ မှီတည်ပြီးတော့ ရှင်သန်ရတာပါ။ လက်ရှိဘ၀ ရပ်တည်ရှင်သန်နိုင်ဖို့ ရှေ့ဆက်ပြီးတော့လည်း ဖွံ့ဖြိုးတိုးတက်ဖို့ မိမိရဲ့ကံတွေကို ကောင်းအောင် ပြုနေ ပြင်နေရပါတယ်။ မိမိရဲ့စိတ်ကိုလည်း ပြုနေ ပြင်နေရပါတယ်။ ဥတုနဲ့ အာဟာရကိုလည်း မိမိနဲ့ သင့်တင့်မျှတအောင် ပြုပေး ပြင်ပေးပြီးတော့ နေထိုင်ရပါတယ်။ မြင်မြင်သမျှဟာ သင်္ခါရပါ။ ၀ယ ဓမ္မာ သင်္ခါရာ- သင်္ခါရတရားတွေဟာ ပျက်ချိန်တန်တဲ့တစ်နေ့ အားလုံးပျက်ကြရမှာ ဓမ္မတာပါ။ ဒါပေမဲ့ သမ္မာကရီယတေတိသင်္ခါရော- ကောင်းစွာပြုအပ်သောကြောင့် သင်္ခါ ရမည်၏ဆိုတဲ့ ၀ိဂြိုဟ်အရ သင်္ခါရဆိုတာ ပြုပေး ပြင်ပေးနေရပါတယ်။ ပျက်ချိန်တန်လို့ ပျက်တာကတော့ ပျက်ပေါ့။ အဲဒီ ပျက်ချိန်မတန်ခင်အတွင်း မပျက်အောင်၊ ဖြစ်သင့် ဖြစ်ထိုက်တာဖြစ်အောင် ပြုပေး ပြင်ပေးနေရပါတယ်။ သမုဒ္ဒရာရေ မျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျာတည်း ဆိုတဲ့အတိုင်း တစ်ဘ၀ဆိုတာ ဘာမှကြာလှတာမဟုတ်ပါ။ မကြာခင် မိမိတို့ ဘ၀တစ်ခု ပြောင်းကြရဦးမှာပါ။ အ၀ိဇ္ဇာနဲ့တဏှာ ဘ၀ရေသောက်မြစ် နှစ်ပါးရှိနေသေးသရွေ့ ဘ၀ တွေပြောင်း၊ သံသရာက လည်နေရဦးမှာပါ။ ကောင်းမှုကံကြောင့် ကောင်းတဲ့ သုဂတိဘ၀ကိုပြောင်း၊ မကောင်းမှုကံကြောင့် မကောင်းတဲ့ ဒုဂ္ဂတိဘ၀ကိုပြောင်း တပြောင်းပြန်ပြန်နဲ့ သံသရာကလည်လို့ ဆုံးနိုင်ဦးမှာမဟုတ်ပါ။ အဲဒီလို ဘ၀တွေပြောင်းကြတဲ့အခါ ပြု ပြီး၊ ပြင်ပြီး ပြောင်းရင် ကောင်းရာသုဂတိဘ၀ကို ရောက်ရမှာပါ။ မပြုဘဲ၊ မပြင်ဘဲ ပြောင်းရင် မကောင်းတဲ့ ဒုဂ္ဂတိဘ၀ကိုသာ ရောက်ရမှာပါ။ မပြုဘဲ၊ မပြင်ဘဲပြောင်းရင် အပြောင်းကမတည့်ဘဲ လွဲချော်သွားကာ အပြောင်းက လဲသွားနိုင်ပါတယ်။ အပြောင်းက အလဲလဲအကွဲကွဲ၊ အလဲလဲအပြိုပြိုနဲ့ အပြောင်းက လဲကျသွားတာလည်း ဖြစ်နိုင်ပါတယ်။ ပြုပြီးပြင်ပြီး ပြောင်းမှသာ အပြောင်းက မလွဲချော်ဘဲ၊ အလဲအကွဲ အလဲအပြိုမဖြစ်ဘဲ တည့်တည့်မတ်မတ် ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ပြုပြီး ပြင်ပြီး ပြောင်းမှသာ ကောင်းသောအပြောင်း၊ တည့်မတ်သော အပြောင်း ဖြစ်မှာပါ။ မကြာမီ ၂၀၁၅ မှာ အစိုးတစ်ရပ် ပြောင်းရပါတော့မယ်၊ လူနှစ်ထောင်လောက် အင်အားနဲ့ ၁၅ နှစ်အချိန်ယူပြီး ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိတွေ အထူးပြု ရေးဆွဲထားတဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကြီးနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ပါ။ ဒီဖွဲ့စည်းပုံကြီးနဲ့ကတော့ ပြည်သူအများ လိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ကို ဘယ်လိုမှ ရောက်နိုင်မည် မဟုတ်ပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးသာ မပြင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် ဘယ်လိုမှ တရားမျှတမှု မရှိနိုင်သလို အခက်အခဲ အကျပ်အတည်းများစွာကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်လို့ ပြောထားပါတယ်။ တတ်သိ ပညာရှင်တွေကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးနဲ့သာဆိုရင် ဒီမိုကရေစီစစ်စစ်ကိုလည်း ရဖို့လမ်းမမြင်ဘူး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာလည်း ဖြစ်မလာနိုင်ဘူး၊ တိုင်းရင်းသား ရင်ကြားစေ့ရေးဆိုတာလည်း မျှော်မှန်းလို့ မရနိုင်ဘူး၊ ပြည်ထောင်စု စစ်စစ်ဆိုတာလည်း ပေါ်ပေါက်လာဖွယ်မရှိဘူးလို့ ဝေဖန်သုံးသပ်ထားကြပါတယ်။ ရေးဆွဲတာက ၁၅ နှစ်ကြာခဲ့ပေမယ့် ၂၀၀၈ နာဂစ်မုန်တိုင်းပြီးစ ပြည်သူအများ ဒုက္ခရောက်နေချိန်မှာ ကမန်းကတန်း တက်သုတ်ရိုက် ပြည်သူ့ဆန္ဒမျက်ကွယ်ပြု မိမိတို့ စည်းစိမ်နဲ့ အာဏာတည်မြဲရေးကိုသာ ဇောင်းပေးအတည်ပြုထားတာဆိုတော့ ပြည်သူ့ကောင်းကျိုးဆိုတာ ဖြစ်နိုင်ခြေနည်းလွန်းလှပါတယ်။ ယခု ၂၀၁၃ စက်တင်ဘာ ၂၈ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးအတွက် စတုတ္ထအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲက ပူးတွဲကြေညာချက် ထုတ်ပြန်ရာမှာ- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လေ့လာရာတွင် (က) ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်ခြင်းမရှိသော ပြဋ္ဌာန်းချက်များ (ခ) ရှေ့နောက် ညီညွတ်ခြင်းမရှိ ဆန့်ကျင်ကွဲလွဲနေသော ပြဋ္ဌာန်းချက်များ (ဂ) ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတားဖြစ်နေသော ပြဋ္ဌာန်းချက်များ (ဃ) ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေသော ပြဋ္ဌာန်းချက်များ (င) အပြန်အလှန် ထိန်းကျောင်းရမည့် မဏ္ဍိုင်ကြီးသုံးရပ်အား တစ်ဖက်စောင်းနင်း ဖြစ်စေနိုင်သော ပြဋ္ဌာန်းချက်များ (စ) နိုင်ငံသားများ၏ တန်းတူညီမျှမှုကို အကာအကွယ် ပေးနိုင်ခြင်းမရှိသော ပြဋ္ဌာန်းချက်များ (ဆ) ၂၀၁၅ ရွေးကောက်ပွဲများအတွက် လွတ်လပ်၍ တရားမျှတရေးကို ထိခိုက်နေသော ပြဋ္ဌာန်းချက်များ စသည်တွေ့ရကြောင်း (အဓိပ္ပာယ်က မဖြစ်မနေ ပြုပြင်ရမှာဖြစ်ကြောင်း) ဖော်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာဏာရှင်စစ်အစိုးရမှ ပါတီစုံဒီမိုကရေစီအစိုးရသို့ ပြောင်းတော့ ပြောင်းခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးက တိုင်းပြည်အကျိုး ပြည်သူ့အကျိုးရှေ့ရှုပြီး ပြုသင့်တာတွေမပြု၊ ပြင်သင့်တာတွေ မပြင်ခဲ့တဲ့ အခါကျတော့ ဒီအပြောင်းဟာ ပြည်သူတွေအတွက် လက်တွေ့မှာ ကောင်းကျိုးသက် ရောက်မှုမရှိဘူး ဖြစ်နေတယ်။ ဒါ့ကြောင့် ၂၀၁၅ ဒီတစ်ခါပြောင်းကြရင်တော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြည်သူ့ကောင်းကျိုးရှေ့ရှုပြီး ပြုသင့်တာတွေကို ပြုကြရလိမ့်မယ်။ ပြင်သင့်တာတွေကို ပြင်ကြရလိမ့်မယ်။ ထိုသို့ပြင်ဖို့အတွက် နှစ်ငါးဆယ်ကြာ နိုင်ငံ့အာဏာကို ချုပ်ကိုင်ခဲ့ပြီး ဘ၀ ပဒေသာပင်ပေါက်ခဲ့ကြသူ လူတစ်စုကတော့ သဘောထား ကြီးကြရပါလိမ့်မယ်။ ပြင်ဆိုရာမှာ တကယ်တမ်းပြင်ရမှာက အများကြီးတော့မဟုတ်ပါဘူး။ တစ်ခုတည်း ပြင်ရမှာပါ။ အဲဒါကတော့ စိတ်ဓာတ်ကလေး တစ်ခုတည်းပါ။ ငါတို့အကျိုး ငါတို့စီးပွားဆိုတဲ့ စိတ်ဓာတ်ကလေးကို ပြင်ပေးပါ။ ငါ့တို့ပဲ ဦးဆောင်ရမယ်။ ငါတို့ဦးဆောင်မှ ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်ကလေးကို ပြင်ပေးပါ။ ရပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်အပေါ် တန်းတန်းစွဲဖြစ်နေတဲ့ ဥပါဒါန် စိတ်ဓာတ်ကလေးကို ပြင်ပေးပါ။ ပြည်သူ သန်း ၆၀ ကို ဥပက္ခာပြုထားတဲ့ သို့မဟုတ် ပစ်ပယ်ထားတဲ့ စိတ်ဓာတ်ကလေးကို ပြင်ပေးပါ။ အဲဒီစိတ်ဓာတ်ကလေးတွေကိုသာ ပြင်လိုက်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကြီးဆိုတာ အသစ်ပြုဖို့လည်း မခက်တော့ပါ။ ပြင်ဆင်ရေးဆွဲဖို့ဆိုတာလည်း မခက်တော့ပါ။ လုံးဝမပြုဘဲ မပြင်ဘဲနဲ့တော့ ပြောင်းလို့မဖြစ်ပါ။ တိုင်းကျိုးပြည်ပြု ဆိုတဲ့အတိုင်း တိုင်းပြည်ကောင်းကျိုးအတွက် ပြည်သူ့ကောင်းကျိုးအတွက် ရှေ့ရှုပြီး ပြု၍ပြင်၍ ပြောင်းမှသာ ၂၀၁၅ ဆိုတဲ့ အပြောင်းအလဲဟာ ကောင်းသော အပြောင်းအလဲဖြစ်မှာ အသေအချာပါ။ စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာလို့ ဆိုတယ်။ တကယ်တော့ သာသနာပြုရာမှ ဒီသုံးချက်လိုအပ်တာ မဟုတ်ပါ။ ဘာပဲပြုပြု ပြုကြတဲ့နေရာမှာ ဒီသုံးချက် လိုအပ်ပါတယ်။ ယုတ်စွအဆုံး အိမ်ထောင်ပြုရာမှာလည်း ဒီသုံးချက်လိုအပ်ပါတယ်။ တိုင်းပြုပြည်ပြု ပြုကြသူများမှာတော့ ဒီသုံးချက်ဟာ အထူးလိုအပ်ပါတယ်။ ဒါ့ကြောင့် အားလုံး တိုင်းပြုပြည်ပြု ခေါင်းဆောင်များအနေနဲ့ စိတ်ရှည်စွာ (သဘောထားကြီးစွာ) ဇွဲသန်စွာ သည်းညည်းခံစွာနဲ့ မိမိတို့တိုင်းပြည်ကို ကောင်းအောင်ပြုကြဖို့ တိုက်တွန်းလိုပါတယ်။

No comments: