သမိုင်းကို လေ့လာခြင်း Written by မောင်ကြည် တစ်နေ့က လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း ညီအစ်ကိုလိုခင်သည့် ကောင်လေးတစ်ယောက် ရောက်လာသည်။ သူနှင့် စကားထိုင်ပြောရင်း စာအုပ်အကြောင်း ရောက်သွားသည်။ ကျွန်တော်က သမိုင်းစာအုပ်တွေ ပြန်ဖတ်ချင်သည်ဟု ပြောတော့ သူကဘာလို့ ဖတ်aWချင်တာလဲဟု မေးသည်။ ကျွန်တော်က ဂျာနယ်တေ ဒ'ွ သတင်းစာတွေမှာ ဆောင်းပါးရေးနေသူ ဖြစ်သောကြောင့် မိမိနိုင်ငံ၏ သမိုင်းကို သေချာ သိထားသင့်သည် ထင်သောကြောင့် ဖတ်ချင်ကြောင်း ရှင်းပြသည်။ ထို့အပြင် သမိုင်းကို လေ့လာရာတွင် စာအုပ်ထဲမှာ ပါသည့် အချက်အလက်များကို စာကျက်ထားသလို အလွတ်ရွတ်ပြ နိုင်ခြင်းသည် အဓိက မဟုတ်ကြောင်း၊ စာအုပ်ထဲမှာ ထည့်မရေးထားသည့်၊ သမိုင်းဆရာ မှတ်တမ်း မတင်ခဲ့သည့် ဖြစ်ရပ်များကိုလည်း ဆက်စပ်တွေးခေါ်ဖို့ လိုကြောင်း ပြောပြမိသည်။ ဥပမာ အနေနှင့် ဆရာဇော်ဂျီက ကံရာဇာကြီးနှင့် ကံရာဇာငယ် အပေါ် တွေးခေါ်ပြခဲ့သည့် သမိုင်းအတွေးကို သဘောကျမိကြောင်း ဆက်ပြောပြမိပါသည်။ ဆရာဇော်ဂျီသည် ''သူတို့ညီနောင်နှင့် ကျွန်တော်'' ဆောင်းပါးထဲတွင် ကံရာဇာကြီးနှင့် ကံရာဇာငယ်တို့ နောက်ကွယ်က သမိုင်းဆရာ မှတ်တမ်းမတင်ခဲ့သည့် ဖြစ်ရပ်ကို ဆွဲထုတ်ပြခဲ့ပါသည်။ တကောင်းခေတ်တွင် ပေါ်ထွန်းခဲ့သော ထိုညီနောင် နှစ်ပါးသည် ခမည်းတော် ကံတော်ကုန်သည့်အခါ ထီးနန်းလုဖို့အတွက် စစ်တိုက်ဖို့ ပြင်ကြသည်။ ထိုအခါ မှူးမတ်တို့က ''ရန်စစ်'' မထိုးဘဲ ''ကုသိုလ်စစ်'' ထိုးဖို့ အကြံပေးသောကြောင့် ညတွင်းချင်း အလှူမဏ္ဍပ်နှစ်ဆောင် အပြိုင်ဆောက် ကြပါသည်။ ဖြတ်ထိုးဉာဏ်ကောင်းသည့် ကံရာဇာငယ်က အလှူမဏ္ဍပ်ကို ဖြစ်ကတတ်ဆန်း မြန်မြန်ပြီးအောင် ဆောက်သောကြောင့် မဏ္ဍပ်ကို အခိုင်အခံ့ ဆောက်နေသည့် ကံရာဇာကြီးအရင် ပြီးသွားသည်။ ထို့ကြောင့် တကောင်းပြည် ထီးနန်းကို သူရလိုက်သည်။ ဤသမိုင်းကြောင်းသည် ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ဖူးသည့် သမိုင်းသင်ခန်းစာ ဖြစ်ပါသည်။ ဆရာဇော်ဂျီက ထိုသမိုင်းကို ငယ်စဉ်က ဖတ်မိသောအခါ မဖြစ်လျှင် ဖြစ်အောင် လုပ်တတ်သော ဥာဏ်ကောင်းသော ကံရာဇာငယ် ကို ချီးကျူးမိပါသည်တဲ့။ သို့သော် အသက်ကြီးလာသည့် အချိန်၌ နောက်တစ်ခေါက် ပြန်ဖတ်သောအခါ ကံရာဇာငယ်ကို သံသယ ၀င်လာမိသည်တဲ့။ ကံရာဇာငယ်သည် အစ်ကိုကြီး ရှိပါလျက် ''ထီးနန်းကို ငါ့လက်ထဲအပ်'' ဟု ဘာ့ကြောင့် ဓားကြိမ်း ကြိမ်းဝံ့ပါသနည်း။ ထို့အပြင် ကံရာဇာငယ် ဓားကြိမ်းကြိမ်းသည်ကို မှူးမတ်တွေက ဘာကြောင့် လက်ခံရပါသနည်း။ တကောင်း ပြည်သူတွေကရော ဘာကြောင့် လူထုအုံကြွနည်းဖြင့် မဆန့်ကျင်ဘဲ ငြိမ်နေရပါသနည်း။ ထိုအချက်ကို သမိုင်းဆရာက မှတ်တမ်းမတင်ခဲ့ပါ။ ထိုမှတ်တမ်း မတင်ခဲ့သည့် အချက်ကို ဆရာဇော်ဂျီက ဆက်တွေးပြပါသည်။ တကောင်းပြည် ထီးနန်းကို လိုချင်နေသော ကံရာဇာငယ်ကို မဆန့်ကျင်ဘဲ ငြိမ်နေသော မှူးမတ်တို့သည် ရပေါက်ရလမ်းကို မြင်နေသောကြောင့်လော။ သို့ဆိုလျှင် ခေါင်ကစ မိုးယိုနေပြီ ဖြစ်သောကြောင့် တကောင်း ပြည်အတွက် ရင်လေးဖွယ်ပါပဲ။ သို့သော် မှူးမတ်တို့မှာ ထိုစိတ်မျိုး ရှိမည်ဆိုလျှင် ကုသိုလ်စစ်ထိုးဖို့ အကြံပင် ပေးလိမ့်မည် မဟုတ်ပါ။ ကံရာဇာငယ်နှင့် မှူးမတ်တွေ လုပ်သမျှ ငြိမ်ခံနေသော တကောင်းပြည်သူ တွေကရော။ ''တိုင်းပြည်အရေး ကိုယ့်အရေး'' ဆိုသည့် အချက်ကို သဘောမပေါက် သောကြောင့်လော။ သို့သော် တကောင်း ပြည်သူတွေမှာ ထိုစိတ်မျိုး ရှိနေလျှင် ဘယ်မင်းသား၏ အလှူမဏ္ဍပ်ကိုမှ သူတို့ဝိုင်းဆောက် ပေးလိမ့်မည် မဟုတ်ပါ။ သို့ဆိုလျှင် အာဏာရှင်ဆန်ဆန် ထီးနန်းလိုချင်နေသည့် ကံရာဇာငယ်ကို ဘာကြောင့် လက်ခံရပါသနည်း။ ဘာကြောင့်မှမဟုတ်။ ကံရာဇာငယ်သည် တကောင်းပြည်သူတွေကို တစ်နည်းနည်းနဲ့ ခြိမ်းခြောက်ထားသော ကြောင့်သာ ဖြစ်ရာသည်ဟု ဆရာဇော်ဂျီက မှတ်ချက်ချခဲ့ပါသည်။ ထို့နောက် ဆရာဇော်ဂျီသည် သူ့စိတ်ကူးနှင့် ကံရာဇာငယ်၏ နိုင်ငံရေး လှည့်ကွက်ကို ပုံဖော်ပြပါသည်။ ခမည်းတော် ကံတော် မကုန်မီမှာပင် ကံရာဇာငယ်သည် ထီးနန်းရလိုမှု အတွက် စည်းရုံးသင့်သူကို စည်းရုံးခဲ့ပုံ ရသည်။ ပြုံးပြသင့်သူကို ပြုံးပြ။ မုန့်ကျွေးသင့်သူကို မုန့်ကျွေးကာ သူ့အတွက် ထောက်ခံမဲဆွယ် ခဲ့ပုံရသည်။ ထို့အပြင် လူအင်အား လက်နက်အင်အားကိုလည်း ကျိတ်ကာ စုဆောင်းနေပုံရသည်။ ကံရာဇာကြီးကတော့ ခပ်အေးအေး နေတတ်သူပီပီ အချိန်တန်လျှင် ထီးနန်းရလိမ့်မည်ဟု ထင်နေပုံရသည်။ ခမည်းတော် ကံတော်ကုန်သည့် အချိန်မှာတော့ ကံရာဇာငယ်၏ အာဏာရှင်ဆန်သော ဇာတိအမှန်က ပုံပေါ်လာပါ တော့သည်။ ဇာတ်သိမ်းခန်းမှာတော့ ကံရာဇာကြီးသည် တကောင်းပြည်ကို စွန့်ခွာခဲ့ရသည်။ ကံရာဇာ ငယ်ကတော့ ခေါင်းမော့ရင်ကော့ကာ ရာဇပလ္လင်ပေါ် တက်လာပါသည်။ ဆရာဇော်ဂျီ၏ နိဂုံးချုပ်ပုံက လှပသေသပ်ပါသည်။ ''ကံရာဇာငယ်သည် ကျွန်တော်၏ အတွေးအောက်တွင် အတော်အတန် ပိနေပါပြီ။ စင်စစ်မှာ ကံရာဇာငယ်သည် ကျွန်တော် တွေးသကဲ့သို့ ဟုတ်ချင်မှလည်း ဟုတ်မည်။ မဟုတ်ဘူး ယောင်ယောင်နှင့် ဟုတ်ချင်လျှင်လည်း ဟုတ်နေမည်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ခြိမ်းခြောက်သူနှင့် အတူတကွ နေခြင်းသည် ဆင်းရဲပေတကား။ မခြိမ်းခြောက်သူနှင့် ကွေကွင်းရခြင်း သည်လည်း ဆင်းရဲပေတကား ဟုသာ ဆိုလိုက်ချင်ပါ တော့သတည်း'' တဲ့။ ကျွန်တော်တို့ရဲ့ မြန်မာ့သမိုင်းမှာ ကံရာဇာငယ် ကဲ့သို့သော အာဏာရှင် ဆန်တဲ့သူတွေ ဘယ်နှယောက်တောင် ပေါ်ထွန်းခဲ့ပြီးပြီလဲ။ တကယ်တော့ ကံရာဇာငယ် ကဲ့သို့သော လူမျိုးသည် ကမ္ဘာမှာလည်း ရှိသည်။ မြန်မာမှာလည်း ရှိသည်။ ခေတ်အဆက်ဆက်မှာလည်း ပေါ်ထွန်းခဲ့ပါသည်။ ခေတ်တွေသာ ပြောင်းသွားသည်။ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အ၀တ်အစားတွေသာ ပြောင်းသွားမည်။ လူ့သဘာဝကတော့ မပြောင်းလဲပါ။ အာဏာကို တပ်မက်သည့် စိတ်ဓာတ်ကတော့ မပြောင်းလဲပါ။ ပြည်သူကို အာဏာပါဝါပြကာ နိုင်ထက်စီးနင်း လုပ်ချင်သည့် စိတ်ဓာတ်ကတော့ ဟိုးအရင်ကလည်း ရှိသည်။ မနေ့တစ်နေ့ကလည်း ရှိသည်။ ဒီကနေ့ အထိလည်း ရှိသည်။ ကျွန်တော်တို့ ငယ်စဉ်က ထိုသမိုင်းကြောင်းကို စာသင်ခန်းထဲမှာ သင်ခဲ့ရပါသည်။ သို့သော် ကံရာဇာငယ်၏ အလင်းဘက် အခြမ်းကိုသာ မြင်ခဲ့သည်။ အမှောင်ဘက် အခြမ်းကို သတိမပြုမိခဲ့။ တကယ်တော့ သမိုင်းကို လေ့လာခြင်းသည် စာအုပ်ထဲမှ အချက်အလက်များကို ဖတ်မှတ်ကာ ပြန်ပြောပြရုံ သက်သက်မဟုတ်။ ထိုအချက်အလက် များအပေါ် အမှားအမှန် ချိန်ထိုးကာ အနီးစပ်ဆုံး အမှန်တရားဆီ ဆက်သွားဖို့သာ ဖြစ်ပါသည်။ သမိုင်းအမှန်သည် စာအုပ်ထဲမှာမရှိ။ ကျွန်တော်တို့၏ လေ့လာစူးစမ်းမှုဉာဏ် အပေါ်မှာသာ ရှိသည်။ ထိုဉာဏ်ပညာ ရှိမှသာ သမိုင်းကို လေ့လာသင်ယူရကျိုး နပ်သည်ဟု ထင်ပါသည်။
No comments:
Post a Comment