Saturday, August 27, 2016

ကမ္ဘာ့ရွှေဈေးကျဆင်းသော်လည်း ဒေါ်လာဈေးအမြင့်ကြောင့် မြန်မာ့အခေါက်ရွှေဈေး ပြန်လည် မြင့်တက်



Posted: August 26, 2016

ကမ္ဘာ့ရွှေဈေး ကျဆင်းလာသော်လည်း ဒေါ်လာဈေး မြင့်မားနေခြင်းကြောင့် မြန်မာ့အခေါက်ရွှေဈေး မြင့်မားဆဲ ဖြစ်ကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။

 

မြန်မာနိုင်ငံ၏ အမေရိကန်ဒေါ်လာငွေ ဈေးသည် သြဂုတ်လ ၂၅ ရက်တွင် တစ်ဒေါ်လာလျှင် (၁၂၀၅)ကျပ် သာ ရှိသော်လည်း သြဂုတ် ၂၆ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၁၀ ကျပ်သို့ မြင့်တက်လာသောကြောင့် မြန်မာ့ အခေါက်ရွှေဈေးမှာ နှစ်ထောင်ကျပ်ဝန်းကျင် ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

 

“မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးအပေါ်မှာ တွက်ရတာ။ ဒီလိုမျိုးတွက်တဲ့ အခါမှာ ဒေါ်လာဈေးကနေ ကျပ်ငွေကို ပြောင်းရင် လက်ရှိ ဒေါ်လာငွေပေါက်ဈေးတွေနဲ့ သက်ဆိုင်သွားတယ်။ ကမ္ဘာ့ရွှေဈေးက ကျလာပေမယ့် ဒေါ်လာ ဈေးမြင့်လာတဲ့ အတွက် မြန်မာ့ရွှေဈေးဟာ အတက်တန်းမှာပဲ ရှိနေတယ်” ဟု အောင်သမာဓိရွှေဆိုင်၊ အထွေထွေမန်နေဂျာ ဦးမော်မော်က ပြောသည်။

 

ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၂၄ ရက်ဈေးများအရ တစ်အောင်စလျှင် ၁၃၃၅ ဒေါ်လာဝန်းကျင်မှ သြဂုတ် ၂၅ ရက်တွင် တစ်အောင်စလျှင် ၁၃၂၅ ဒေါ်လာသို့ ကျဆင်းလာခဲ့သော်လည်း ဒေါ်လာ ဈေးမြင့်မားလာမှုကြောင့် မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ၈၅၇၀၀၀ ကျပ်ရှိရာမှ ၈၅၉၀၀၀ ကျပ်သို့ မြင့်တက်လာခြင်း ဖြစ်သည်။

 

“ပြည်တွင်းစီးပွားရေး အခြေအနေကြောင့်သာ ဒေါ်လာဈေးမြင့် တက်နေတာဖြစ်တယ်။ ဒေါ်လာဈေးမြင့်တက်တာကြောင့် ပြည်တွင်း စီးပွားရေးကို အကျိုးသက်ရောက်တာမျိုး မဟုတ်ဘူး။ ဒေါ်လာဈေး မြင့်တက်တာဟာ ရွှေဈေးကို တိုက်ရိုက်သက်ဆိုင်တာမျိုး မရှိဘူး။ ပြည်တွင်းမှာ လုပ်ငန်းရှင်တွေက စုဆောင်းထားလို့သာ ဖြစ်တယ်” ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ Echo ဂျာနယ်အယ်ဒီတာ ဦးဇော်သန်းက ပြောသည်။

 

မြန်မာနိုင်ငံ၏ ဒေါ်လာငွေဈေးသည် သြဂုတ်လပထမပတ်တွင် ပြင်ပပေါက်ဈေးများအရ တစ်ဒေါ်လာလျှင် (၁၁၈၀)ကျပ် ဝန်းကျင်မှ သြဂုတ်လ (၂၄)ရက်တွင် တစ်ဒေါ်လာလျှင် (၁၂၃၀)ကျပ်သို့ အမြင့်ဆုံးမြင့်တက်ခဲ့ပြီး သြဂုတ်လ(၂၆)ရက်ပေါက်ဈေးများအရ တစ်ဒေါ်လာလျှင် (၁၂၁၀)ကျပ် ဖြစ်နေကြောင်း သိရသည်။

 

“မြန်မာ့ရွှေဈေးကတော့ ပြန်ကျလာဖို့မလွယ်ဘူးလို့တော့ ပြောနေကျတယ်။ ခုနှစ်ကလည်း လယ်တွေရေမြုပ် တာရယ် စိုက်ခင်းတွေမကောင်းတာကြောင့် ရွှေပြန်လုပ်ဖို့က မဖြစ်နိုင်သေးဘူး။” ဟု ပိန္နကွင်းကျေးရွာမှ တောင် သူ ဒေါ်အေးက ပြောသည်။

 

၂၀၁၆ခုနှစ်၊သြဂုတ်လ (၂၆)ရက် နံနက်ပိုင်းဈေးများအရ မြန်မာ့အခေါက်ရွှေ တစ်ကျပ်သားလျှင် (၈၅၉၀၀၀) ကျပ်၊(၁၅)ပဲရည်တစ်ကျပ်သားလျှင် (၈၀၅၀၀၀)ကျပ်၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် (၁၃၂၅)ဒေါ်လာနှင့် ပြင်ပ ပေါက်ဈေးများအရ အမေရိကန်တစ်ဒေါ်လာလျှင် (၁၂၁၀)ကျပ် ဖြစ်နေကြောင်း ရွှေဈေးကွက်မှ သိရသည်။

 

MMK

The Ladies News

No comments: