Saturday, August 27, 2016

ရွှေသံလွင် ကုမ္ပဏီနှင့် Forever မီဒီယာတို့အား ယခု လိုင်းအသစ်များကို ထပ်မံလျှောက်ခွင့် မပြုတော့ဟုဆို




Posted: August 26, 2016

ပြန်ကြားရေးဝန်ကြီးဌာနမှ လက်ရှိ ရုပ်သံလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် ရွှေသံလွင် ကုမ္ပဏီနှင့် Forever မီဒီယာတို့အား ယခု လိုင်းအသစ်များကို ထပ်မံလျှောက်ခွင့် မပြုတော့ကြောင်း သိရသည်။

 

အဆိုပါ ရုပ်သံလိုင်းများကို လိုင်းအသစ်လျှောက်ထားခွင့် မပြုတော့သော်လည်း ပြန်လည် ပြင်ဆင်မည်ဖြစ်သော ရုပ်သံလွှင့် ဥပဒေ မပေါ်ပေါက်မီ ရုပ်သံလုပ်ငန်းကို လုပ်ကိုင်လိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် MRTV ၏ လိုင်း ၁၆ ခု အနက်မှ ၅ ခုကို New Content Provider များသို့ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြန်ကြားရေးဝန်ကြီးဌါနမှ MRTV Sport ၊ Readers Channel နှင့် For Edu Channel ၃ ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျှက်ရှိသော MRTV News ၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း၊ လွှတ်တော် ရုပ်သံလိုင်း၊ တောင်သူလယ်သမား ကဏ္ဍ ရုပ်သံလိုင်း၊ MITV ၊ MRTV Entertainment ၊ MRTV – 4 ၊ Channel – 7 ၊ 5 Plus ၊ MNTV ၊ Channel – 9 တို့ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

 

ရုပ်သံလုပ်ပိုင်ခွင့်ရရှိသူများကို ပြန်ကြားရေးဝန်ကြီးဌာနမှ ငှားရမ်းထားသော အကြံပေးကုမ္ပဏီဖြစ်သည့် Tun Group Asia က ရွေးချယ်မည်ဖြစ်ပြီး ၄င်းကုမဏီ၏ တင်ပြလာမှုထဲမှ ၀န်ကြီးပါဝင်သည့် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် ထပ်ဆင့် ရွေးချယ်သွားမည်ဟု သိရသည်။

 

ရုပ်သံ လုပ်ငန်း လုပ်ပိုင်လိုသူများ အနေဖြင့် လျှောက်လွှာများကို Tun Group Asia လီမိတက်ထံတွင် ထုတ်ယူနိုင်ပြီး လျှောက်လွှာပိတ်ရက်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ဖြစ်ကြောင်း သိရသည်။

 

ရုပ်သံ လုပ်ပိုင်ခွင့် ရရှိသူများသည် မိမိ၏ အစီအစဉ်ဖြင့် စတူဒီယိုများ တည်ဆောက်ရမည် ဖြစ်ပြီး ဆောက်လုပ်ပြီးပါက ရုပ်သံထုတ်လွှင့်မှုများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား (ရန်ကုန်) ပြည်လမ်းရှိ Station သို့ ဖိုက်ဘာ ဆက်ကြောင်းမှတစ်ဆင့် ပေးပို့ရမည်ဖြစ်ကာ ပေးပို့ရမည့် ဖိုင်ဘာဆက်ကြောင်းများကို မိမိကုန်ကျစရိတ်ဖြင့် တည်ဆောက်သွားရမည်ဟု ဆိုသည်။

 

ဆက်လက်၍ ရုပ်သံလုပ်ခွင့်ရသူများသည် ကနဦး ကုန်ကျစရိတ်အနေဖြင့် ရန်ကုန်မြို့တွင် ဖိုက်ဘာဆက်ကြောင်း တပ်ဆင်ခ အမေရိကန် ဒေါ်လာ ၆၆၀၀၀၊ နေပြည်တော် တပ်ကုန်းတွင် တပ်ဆင်ခ ဒေါ်လာ ၈၇၂၀ နှင့် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အကြံပေးဝန်ဆောင်ခ မြန်မာကျပ်ငွေ သိန်း ၈၀ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၄၀၀၀ နှင့် မြန်မာ ကျပ်ငွေ သိန်း ၈၀ ကျော် ကုန်ကျမည် ဖြစ်ပြီး နှစ်စဉ် ကုန်ကျစရိတ်အနေဖြင့် Transformer ငှားရမ်းခကို ပေးသွင်းရမည် ဖြစ်ရာ လက်ရှိ Transformer ငှားရမ်းထားသည့် ဈေးနှုန်းသည် အမေရိကန် ဒေါ်လာ ၂၇၀၀၀ ရှိသဖြင့် ၅ ဦးခွဲတမ်းချပါက တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅၄၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

 

ဝသန်

The Ladies News

No comments: