Wednesday, August 31, 2016

ပယ်ဖျက်မည့် ယာဉ်လိုင်း ၂၆ လိုင်း မထသ ထုတ်ပြန်



ရန်ကုန်၊ သြဂုတ် ၃ဝ

ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ တင်ပြထားသည့် ပယ်ဖျက်မည့် ခရီးသည် တင်ယာဉ် လိုင်း ၂၆ လိုင်း အမည်များကို ပြည်သူများထံ အသိပေး ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီထံမှ သိရသည်။

“အရင်က ယာဉ်လိုင်း နာမည်တူတွေရှိတော့ မှားသွားရင် ပြေးဆွဲမယ့် ယာဉ်လိုင်းအတွက် နစ်နာမှာစိုးလို့ အသိ မပေးသေးတာပါ။ အခုတော့ ဝန်ကြီးရဲ့ အတည်ပြုချက် ရပြီဖြစ်လို့ ပြည်သူတွေ သိအောင် အသိပေးလိုက်တာပါ”ဟု မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု(ဗဟို)ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

ပယ်ဖျက်မည့် ခရီးသည်တင် ယာဉ်လိုင်းများမှာ မထသ(ရန်ကုန်တိုင်းဒေသကြီး)လက်အောက်ရှိ ၅၃ ကားလတ် (ဝါ)၊ ၃၃ ယာဉ်ကြီး၊ ၅၆ ယာဉ်ကြီး၊ မထသ (အရှေ့ပိုင်းခရိုင်)လက်အောက်ရှိ ၂၃၇ အထူး၊ ၂၅၇ အထူး၊ ၁ဝ၃ မီနီဘတ်စ်၊ မထသ (အနောက်ပိုင်း ခရိုင်)လက်အောက်ရှိ ၁ဝ၅ ဒိုင်နာ(အဖြူ)၊  ၂၂၃ ဟိုင်းလတ် (အဖြူ)၊ ရှေ့ဆောင်ဟိုင်းလပ်၊ မထသ (တောင်ပိုင်းခရိုင်) လက်အောက်ရှိ ဌာနခွဲ ၂ ကျောက်တန်း၊ ဇွဲဘာ၊ ဌာနခွဲ ၂ ကျောက်တန်း၊ ရှမ်းချောင်း၊ ဌာနခွဲ ၄၊ ၅၊ ၇၊ ၈၊ မထသ (မြောက်ပိုင်းခရိုင်)လက်အောက်ရှိ ၂၂၇ (နီ၊ ပြာ)၊ ဗန္ဓုလ (ပါရမီ) လက်အောက်ရှိ ၁၇၅၊ ၁၈၃၊ ရွှေရန်ကုန် လက်အောက်ရှိ ၆၈ ယာဉ်ကြီး၊ ၇၂ ယာဉ်ကြီး၊ ၇၃ ယာဉ် ကြီး၊ ၁၄၂ ယာဉ်ကြီး၊ ပြည့် စွမ်းအား၊ ခြင်္သေ့ (ဟိုင်းလတ်) တို့ဖြစ်သည်။

မထသ (ဗဟို) ကော်မတီလက်အောက်ရှိ ယာဉ်လိုင်းများကို စိစစ်ပြီး တင်ပြ ဆွေးနွေးခဲ့ရာ ပယ်ဖျက်မည့်ယာဉ် လိုင်း ၂၆ လိုင်း၏ အမည်စာရင်းကို သြဂုတ်လ ၉ ရက်က လျှပ်စစ်၊ စက်မှု၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနက အတည်ပြုချက်ရရှိပြီး ထပ်မံ၍ တိုင်းအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ဦးလှအောင်က ပြောကြားသည်။

မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု(ဗဟို)ကော်မတီအောက်ရှိ ၃၅၉ လိုင်းအနက် ပထမအဆင့် လိုင်း ၅ဝ လျှော့ချရန် လျာထားရာတွင် လမ်းကြောင်းတူ၊ ကြီးကြပ်မှု ကော်မတီတူ၊ ယာဉ်စီးရေ နည်းပါးသည့် ယာဉ်လိုင်းများကို စိစစ်ခဲ့ပြီး ဖော်ပြပါ ခရီးသည်တင်ယာဉ် ၂၆ လိုင်းကို ပယ်ဖျက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 

No comments: