Tuesday, August 30, 2016

Water Taxi ပြေးဆွဲနိုင်ရန် စက်တင်ဘာလအတွင်း တင်ဒါခေါ်ယူမည်

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ ရွှေပြည်သာမြို့မှ ပုဇွန်တောင်မြို့နယ်အထိ ရေကြောင်းလမ်းကို အသုံးပြု၍ Water Taxi ပြေးဆွဲနိုင်ရန် စက်တင်ဘာလအတွင်း တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
ရေလမ်းခရီးကို အသုံးပြုရာတွင်လည်း ဘတ်စ်ကားလိုင်းများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် ဆိပ်ကမ်းနှင့် ချိတ်ဆက်မည့် ဘတ်စ်ကားလိုင်းများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများသို့ တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
 
Water Taxi ၏ လမ်းကြောင်းမှာ ရွှေပြည်သာ၊ လှိုင်သာယာမှ စတင်ထွက်ခွာမည်ဖြစ်ကာ မှတ်တိုင်သုံးခု ထားရှိမည်ဖြစ်ပြီး ယင်းနေရာများမှ ဘတ်စ်ကားများနှင့် ချိတ်ဆက်နိုင်စေရန် ဆောင်ရွက်မည်ဟု ဆိုသည်။
 
ဆက်လက်၍ “ရန်ကုန်မြို့က ပြည်သူလူထုက အခုချိန်မှာ ဘတ်စ်ကားလမ်းကြောင်းကိုပဲ အားကိုးနေတယ်။ ပြီးတော့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့နိုင်ဖို့က ရေလမ်းခရီး၊ မီးရထားလမ်းတွေကို အသုံးပြုလာရင်တော့ တဖြည်းဖြည်းနဲ့ ဖြေရှင်းနိုင်မှာပါ။ ဒါကြောင့်လဲ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အနေနဲ့ ရေကြောင်းလမ်း ကဏ္ဍ၊ မီးရထားလမ်း တို့ကို အသုံးပြုမှု များလာအောင် ဆောင်ရွက်သွားမည်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာ ဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။
 
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ ပြေးဆွဲလျှက်ရှိသော ခရီးသည်တင် ဘတ်စ်ကားများကို အများပိုင်ဖွဲ့စည်းကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲလျှက်ရှိသော ဘတ်စ်ကားများနှင့် ပတ်သက်၍ စနစ်ပြောင်းလဲ ဆောင်ရွက်ရုံသာမက ရန်ကုန်မြို့ပတ်လည်ရှိ လှိုင်မြစ်နှင့် ငမိုးရိပ်ချောင်း အစရှိသည့် မြစ်ကြောင်း တစ်လျှောက်တွင် စက်တပ်သမ္မာန်များဖြင့် သွားလာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ဝသန်
The Ladies News

No comments: