Tuesday, July 5, 2016

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ရှမ်းပြည်နယ်အစိုးရ ခွင့်မပြု --------------------------------------------


ရန်ကုန်၊ ဇူလိုင် ၎

ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်ပေါ်တွင် တရုတ်ကုမ္ပဏီ တစ်ခုက အကျိုးတူ ပူးပေါင်းတည်ဆောက်မည့် နောင်ဖ ရေအားလျှပ်စစ် စီမံကိန်းကို လုံးဝခွင့်မပြုကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် တန့်ယန်းမြို့နယ်နှစ်ခု အကြားရှိ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည် ဖြစ်ပြီး တရုတ်နိုင်ငံမှ Hydrochina Corporation ကုမ္ပဏီနှင့် ပြည်တွင်းရှိ IGE ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“နောင်ဖ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ဖို့အတွက် ကုမ္ပဏီက လူတွေ ပြည်နယ်အစိုးရအဖွဲ့ကို လာတွေ့တယ်။ ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ကတော့ ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်မပေးဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်” ဟု ဦးစိုးညွန့်လွင်က ဆိုသည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းကို ခွင့်ပြုမည် ဆိုပါက သံလွင်မြစ်အောက်ပိုင်းရှိ ဒေသများတွင် ရေကြီးနစ်မြုပ်မှု အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီက ရရှိမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံက ရရှိမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ဒီစီမံကိန်းက ပြည်တွင်းက လူကြီးတစ်ယောက်ရဲ့သား ပါဝင်ပတ်သက်နေတယ်” ဟု ဦးစိုးညွန့်လွင်က ဆိုသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရေး အတွက် တရုတ်နိုင်ငံမှ Hydrochina Corporation ကုမ္ပဏီ၊ ပြည်တွင်းရှိ IGE ကုမ္ပဏီနှင့် ရေအားလျှပ်စစ် စီမံကိန်း ဦးစီးဌာနတို့အကြား ၂၀၁၄ ခုနှစ်အတွင်း သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

No comments: