Thursday, September 29, 2016

ကျောင်းသူနှစ်ဦးအား ဆရာဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုကို အတန်းဖော် သူငယ်ချင်းက ဖော်ထုတ်

ပုသိမ်၊ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာ အလက(ခွဲ) တွင် ၈ တန်း ကျောင်းသူနှစ်ဦးအား ဆရာဖြစ်သူက အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခံရမှုကို ကျူးလွန်ခံရသူ ၂ ဦး၏ အတန်းဖော်က စတင်ထုတ်ဖော်နိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဓမ္မ ပြုကျင့်ခံရသော ကျောင်းသူနှစ်ဦး၏ အတန်းဖော်က အိမ်ရှိ အုပ်ထိန်းသူများကို အကျင့်မကောင်းသည့် ဆရာထံတွင် စာမသင်လိုကြောင်း ပြောဆိုသည်ကို အုပ်ထိန်းသူများက စစ်မေးရာ သူမ၏ သူငယ်ချင်း နှစ်ယောက်ကို ဆရာက သားမယားအဖြစ် ကျူးလွန်နေကြောင်း ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရွှေညောင်ပင် အလက(ခွဲ) မှ သမိုင်းဘာသာရပ် သင်ကြားသော ဆရာဦးရန်နိုင်သည် ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသူတစ်ဦးကို ကျောင်းပိတ်ရက် အချိန်ပို ခေါ်ယူသင်ကြားချိန်များတွင် ဆရာများ နားနေခန်းအတွင်း ၅ ကြိမ်တိုင် သားမယား ပြုကျင့်ခဲ့ကြောင်း၊ ထို့အပြင် ၁၄ နှစ်အရွယ် ၈ တန်း ကျောင်းသူတစ်ဦးကိုလည်း ညနေကျောင်းဆင်းပြီးချိန်များတွင် စာသင်ခန်းအတွင်း၌ ၃ ကြိမ်တိုင် သားမယား ပြုကျင့်ခဲ့သဖြင့် ဖမ်းဆီးစစ်ဆေးပြီး ဖြစ်ကြောင်း ကျိုက်လတ်မြို့မ ရဲစခန်းမှူး ဒုရဲမှုး ထင်အောင်က ပြောကြားသည်။

“တစ်ယောက်ကိုတော့ ကျောင်းပိတ်ရက် မနက်ပိုင်းတွေမှာ အချိန်ပိုခေါ်ရင်း ကျူးလွန်တာ၊ ကလေးမလေးကိုခေါ်ပြီး အမှတ်ကူဖျက်ခိုင်း၊ နှိပ်ခိုင်းပြီး ကျူးလွန်တာ၊ တခြားကျောင်းသားတွေကို စာကျက်ခိုင်းထားပြီး ဆရာများ နားနေခန်းမှာ ကျူးလွန်တာ၊ နောက်တစ်ယောက်က ဆရာနဲ့ တစ်လမ်းတည်းနေတာ၊ ကျောင်းဆင်းချိန် အတူပြန်မယ် ခေါ်ထားပြီး ညနေပိုင်းတွေမှာ စာသင်ခန်းအတွင်းမှာပဲ ကျူးလွန်တာ” ဟု စခန်းမှူးက ရှင်းပြသည်။

ကျူးလွန်သူ ကျောင်းဆရာ ဦးရန်နိုင်ကို ၄င်းတာဝန်ကျခဲ့သည့် ဖျာပုံခရိုင် အတွင်းမှ စာသင်ကျောင်းများတွင် လည်းကောင်း၊ ရွှေညောင်ပင်ကျေးရွာ အလက(ခွဲ) တွင်လည်း ၄င်းတာဝန်ထမ်းဆောင်ချိန် ကာလအတွင်း အလားတူဖြစ်ရပ်များ ကျူးလွန်ခဲ့ခြင်း ရှိမရှိ ဆက်လက်စုံစမ်းနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဆရာဦးရန်နိုင်သည် ပညာရေးကောလိပ် သင်တန်းဆင်းဖြစ်ကာ ၂၀၀၅-၂၀၀၆ ခုနှစ်မှ စတင်၍ မူလတန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး မအူပင်မြို့နယ် ရေနုတ်ချောင်းကျောင်း၊ ဂင်္ဂါးကျောင်း၊ ကျိုက်လတ်မြို့နယ် ရွှေညောင်ပင်အလက (ခွဲ) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ကျူးလွန်ခံရသော ကျောင်းသူနှစ်ဦး၏ ဖခင်ဖြစ်သူများ၏ တိုင်တန်းချက်အရ အသက် ၃၆ နှစ် အရွယ်ရှိ ကျူးလွန်သူ ကျောင်းဆရာ ဦးရန်နိုင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် ကျိုက်လတ်မြို့မ ရဲစခန်းက အရေးယူဆောင်ရွက်လျက် ရှိသည်

No comments: