Friday, September 30, 2016

Galaxy Note 7 နည်းတူ iPhone 7များလည်း ပေါက်ကွဲမှု ဖြစ်နိုင်ခြေရှိကြောင်း သတင်းများထွက်ပေါ်လာ

Galaxy Note 7ကဲ့သို့ပင် Apple၏ နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်သည့် iPhone 7များသည်လည်း ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ဈေးကွက်ပြိုင်ဘက်ကြီး Samsung၏ နောက်ဆုံးပေါ် Galaxy Note 7 စမတ်ဖုန်း ဘက်ထရီများ ချွတ်ယွင်းချက်ကြောင့် ပေါက်ကွဲမှုများ ဖြစ်နိုင်ကြောင်း တရားဝင် သတိပေးပြီး အရောင်းရပ်နားကာ ပြင်ဆင်လဲလှယ်မှုများ ပြုလုပ်ပေးနေရချိန်တွင် iPhoneနှင့် ပတ်သက်၍ပါ အလားတူ သတင်းထွက်လာခြင်း ဖြစ်သည်။

ပေါက်ကွဲပျက်စီးသွားသည်ဆိုသော iPhone 7 Plus၏ ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာ Reddit အသုံးပြုသူ တစ်ဦးက လွှင့်တင်ထားရာ လူသိများသည့် နည်းပညာ Blogတစ်ခုဖြစ်သော BGRက ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။ ထိုသူက နောက်ပိုင်းတွင် မီးသင့်လောင်ထားဟန် ရှိနေသည့် iPhone 7 Plus၏ ဓာတ်ပုံများကို ထပ်မံလွှင့်တင်ခဲ့သေးသည်။

Krrothesnoopဆိုသော အမည်ဖြင့် Redditကို အသုံးပြုနေသူက ထိုဓာတ်ပုံများကို စက်တင်ဘာ ၂၈ ရက်တွင် စတင်လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။ အနက်ရောင် iPhone 7 Plus၏ ပေါက်ကွဲမှုမှာမူ Samsung၏ ထုတ်ကုန်နှင့် အခြေခံ အကြောင်းရင်း ကွဲလွဲဟန်ရှိပြီး ဘက်ထရီကြောင့် မဟုတ်ဘဲ စက်ရုံထုတ် ပစ္စည်းကို အဆင့်ဆင့် သယ်ယူပို့ဆောင်ချိန်တွင် ချွတ်ယွင်းချက် တစ်ခုခု ဖြစ်ခဲ့ခြင်းဟု ယူဆရကြောင်း ဖုန်းပိုင်ရှင်က မှတ်ချက်ပေးထားသည်။

အဘယ်ကြောင့်ဆိုသော် မှာယူထားသည့်ဖုန်း ရောက်ရှိလာချိန်တွင် ဘူးကိုဖွင့်လိုက်ရာ ထိုအတိုင်း တွေ့မြင်ရ၍ ဖြစ်သည်။ “ဖြစ်နိုင်တာကတော့ စက်ရုံကနေ ထုတ်လုပ်ပြီး ဝယ်ယူသူဆီ ပို့ဆောင်ချိန်မှာ တစ်ခုခု ဖြစ်ခဲ့ပုံပေါ်တယ်”ဟု ၎င်းက သုံးသပ်ထားသည်။ Apple အနေဖြင့်မူ ထိုကိစ္စအပေါ် မည်သည့်မှတ်ချက်မျှ မပေးသေးချေ။ ထိုဖုန်းပိုင်ရှင်က ကုမ္ပဏီ အနေဖြင့် ၎င်းအတွက် ဖုန်းအသစ်တစ်လုံး လဲလှယ်ပေးရန် မျှော်လင့်နေကြောင်းလည်း သိရသည်။

No comments: