Saturday, November 4, 2017

မိုင်ကုန်မြင့်တက်ခဲ့တဲ့ကားဈေးနဲ့ ဒီတစ်ပါတ်မင်္ဂလာပါ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ငန်းသုံးကားတွေကို ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ ၂၀၀၈ မိုဒယ်အထိ လျှော့ချတင်သွင်းခွင့်ပေးဖို့ အစီအစဉ်မရှိသလို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကလည်း စက်မူဇုန် လိုက်ထရပ်တွေကိုအပ်နှံပြီး လူစီးစလစ် ထုတ်ပြန်ထုတ်ပေးဖို့ အစီအစဉ် မရှိတဲ့အတွက် နှစ်မကုန်ခင်အထိ ကားမူဝါဒက ပြောင်းလဲမှာ မဟုတ်ပါဘူး။ ပုံမှန် အခြေအနေအတိုင်းပဲ လာမယ့်နှစ်ကစပြီး သက်တမ်း နှစ် နှစ်ဆယ်ပြည့်မယ့် ၁၉၉၈ မိုဒယ် လူစီးကားတွေကိုသာ ဇန်န၀ါရီ ၁ ရက်ကစပြီး အပ်နှံခွင့်ပေးမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အပ်နှံခွင့်ပေးမယ်ဆိုတဲ့ ၁၉၉၈ မိုဒယ်နဲ့ အောက် ဘတ်စ်တွေကလည်း အခုအချိန်အထိ နေပြည်တော်ကညနကို အပ်နှံဖို့ အကြောင်းကြားတင်ပြထားခြင်းမရှိသေးတဲ့အတွက် ဈေးကွက်အတွင်း ဘတ်စ်စလစ်အသစ်တွေ ၀င်လာဖို့မရှိသေးပါဘူး။ ပါမစ်လျှောက်ရမယ့် နောက်ဆုံးရက်နဲ့ ပုံမှန်အတိုင်း တစ်ဦးချင်းတင်သွင်းတဲ့ စလစ်ကပ်ကားတွေကို သက်တမ်း သုံးလတိုးပေးမှာဖြစ်တဲ့အတွက် စလစ်တွေ အလျင်မလိုတော့လို့ မူဝါဒ အသစ်ထွက်ပြီးနောက်ပိုင်း တောက်လျှောက် မြင့်တက်သွားတဲ့ စလစ်ဈေးက ပြန်ကျသွားပါတယ်။

လာမယ့်နှစ်အတွက် မူဝါဒထွက်ပေါ်ပြီးနောက်ပိုင်းမှာ ဆက်တိုက် မြင့်တက်သွားတဲ့ ကားဈေးတွေကြောင့်လည်း ဒီရက်ပိုင်းမှာ အရောင်းအ၀ယ်တွေ ပြန်အေးသွားပါတယ်။ ရန်ကုန်မှာ အသုံးပြုနေတဲ့ နယ်လိုင်စင်ကားတွေကိုလည်း မြို့ဝင်ကြေးတွေ ပြန်ကောက်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် နယ်ကားအရောင်းအ၀ယ်တွေ အေးသွားပါတယ်။ မူဝါဒတွေ တည်ငြိမ်နေပြီဆိုပေမဲ့လည်း ရန်ကုန်လိုင်စင်ဖွင့်ပေးဖို့နဲ့ နယ်လိုင်စင်ကားတွေကိစ်္စက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အပေါ်မှာ မူတည်နေပြီး အနာဂတ်စီမံကိန်းတွေကို ပြည်သူတွေ ထင်သာမြင်သာအောင် တိတိကျကျချမပြသေးတဲ့အတွက် မှန်းဆရခက်ခဲနေ ပါတယ်။ ကားဈေးတွေကတော့ မိုင်ကုန်အထိ မြင့်တက်နေတဲ့အတွက် ထပ်တက် စရာ အခြေအနေ နည်းသွားတယ်ဆိုပေမဲ့ အနာဂတ်ကားဈေးကွက်က ရန်ကုန် လိုင်စင်ပြန်ဖွင့်ပေးမယ့် အခြေအနေနဲ့  အပေါ်မှနယ်လိုင်စင်ကားတွေရဲ့ာလည်း မူတည်နေပါတယ်။

#မူရင်း​ရေးသားသူ
Ko Phyo (Automobile)

No comments: