Saturday, November 4, 2017

ဗဟိန်း မှသည် ကျော်ကိုကို မဟုတ်ပါ


၂၀၁၅ ခုနှစ်အမျိုးသားပညာရေးဥပဒေကြမ်း ကိစ္စ ပွဲဆူနေတဲ့အချိန် အင်တာနက်ပေါ်မှာ “ ဗဟိန်း မှသည် ကျော်ကိုကို သို့ ” ဆိုပြီးပြောတာတွေတွေ့ခဲ့ရတယ်။

ဆိုလိုတာကတော့ ဗကသ ( ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ) ခေါင်းဆောင်အဖြစ် သခင် ဗဟိန်း၊ ဗိုလ်ချုပ်အောင်ဆန်းကနေ ကျော်ကိုကို အထိ သယ်လာတဲ့သဘောပေါ့။

တကယ်တော့ အဲဒါက မတူတာကို တန်းညှိတဲ့သဘောပါပဲ။ သခင်ဗဟိန်း၊ ဗိုလ်ချုပ်အောင်ဆန်း တို့ ခေတ် ဗကသ ဥက္ကဌ ဆိုတာ တစ်နိုင်ငံလုံးက ကျောင်းသားသမဂ္ဂတွေကနေ ရွေးချယ်လို့ ဖြစ်လာတာ၊ ကျော်ကိုကို ဆိုတာ ကျောင်းသားသမဂ္ဂတွေကို အသိအမှတ်မပြုတဲ့ခေတ်မှာ လွတ် နေတဲ့ခုံကို ၀င်ထိုင်လို့ ဥက္ကဌဖြစ်လာတာပါ။

၂၀၁၅ အမျိုးသားပညာရေးဥပဒေကြမ်းကို အကြောင်းပြုပြီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဆို သူတွေက ကန့်ကွက်နေတဲ့အချိန်မှာ ကျွန်တော်က ပညာရေးဝန်ကြီးနဲ့ ဒုဝန်ကြီးကို “ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပါ။ သို့သော် ကိုယ့်ဘာသာကိုယ် ခေါင်း ဆောင်ခန့်နေတဲ့သူတွေ နဲ့မဆွေးနွေးပါနဲ့။ တက္ကသိုလ်တိုင်းမှာ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီဆိုပြီးဖွဲ့ပေး လိုက်။ တက္ကသိုလ်အလိုက်ခေါင်းဆောင်ရွေး၊ တက္ကသိုလ်လိုက်ခေါင်းဆောင် တွေကမှ ဗကသ ဖြစ်မြောက်ရေး ဥက္ကဌနဲ့ ခေါင်းဆောင်တွေကိုရွေး၊ အဲဒီလိုရွေးလို့ပေါ်ထွက်လာ တဲ့ ခေါင်းဆောင် တွေနဲ့မှ ဆွေးနွေးပါ။ ဒါဟာ ဒီမိုကရေစီနည်းလည်းကျတယ်။ အခုဟာက မိုက်ရဲ လို့ ဗိုလ်တက် လုပ်တဲ့သူတွေနဲ့ ဆွေးနွေးရသလိုဖြစ်နေတယ်” လို့ အကြံပေးဖူးတယ်။

ဒါပေမယ့် အဲဒီအချိန်က သမဂ္ဂဆိုတဲ့စကားကြားရင်ကိုနားခါးနေတော့ ဘယ်သူမှလည်း လက်မခံ ပါဘူး။

အဲဒီအကျိုးဆက်ကတော့ ကျောင်းသားအရေးကို ကိုယ့်ဘာသာကိုယ် ဗိုလ်တက်လုပ်တဲ့သူတွေ က  ပြန်ပေးဆွဲပြီး အဓမ္မခေါင်းဆောင်တက်လုပ်တာနဲ့ ကြုံရတာပဲ။

အစိုးရသစ်ကာလမှ တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂတွေဖွဲ့ဖို့လုပ်လာတာကို ကျွန်တော်က တော့ ကြိုက်တယ်။ အဲဒါမှာ တကယ့်ကျောင်းသားခေါင်းဆောင်တွေပေါ်ထွက်လာပြီး ကျောင်းသား အရေးကို ကိုယ်စားပြုနိုင်မှာပါ။ ဗကသ ကို လူတစ်စုက မောင်ပိုင်စီးတဲ့ခေတ် ကုန်သင့်ပါပြီ။

ye htut

No comments: