Monday, December 28, 2015

RCSS တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံရသူ ဒေသခံရွာသား ရှစ်ဦးကို TNLA ကဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့ဟုဆို

RCSS တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံရသူ ဒေသခံရွာသား ရှစ်ဦးကို TNLA ကဖမ်းဆီးပြီးနောက်  ပြန်လွှတ်ပေးခဲ့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံရသူ ဒေသခံရွာသား ရှစ်ဦးကို တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်  ပြန်လွှတ်ပေးကြောင်း TNLA က ဒီဇင်ဘာလ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဒေသခံ ရွာသားများကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ၎င်းတို့နေထိုင်ရာ မန်တုံမြို့နယ် အတွင်းရှိ ကျေးရွာများရှိ မိသားစုဝင်များထံ ပြန်လည်အပ်နှံခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ထုတ်ပြန်ချက်အတွင်း အဆိုပါ  ဒေသခံများသည် RCSS/SSA ၏ တပ်သားစုဆောင်း ခံရသူများ ဖြစ်သောကြောင့် TNLA ကဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဆီးခံ ရွာသားများကို RCSS/SSA တပ်ဖွဲ့ဝင်များနှင့် လုံးဝပတ်သက် ဆက်နွယ်မှု မပြုလုပ် တော့ပါကြောင်း မိဘ ဆွေမျိုး များရှေ့မှောက်တွင် ခံဝန်ကတိ လက်မှတ်ထိုးစေကာ ပြန်လည် အပ်နှံပေး ခဲ့ကြောင်း TNLA က ပြန်ကြားရေး တာဝန်ခံ ဦးမိုင်းအိုက်ကျော်က ဆိုသည်။

“ကျွန်တော်တို့ အပြစ်မဲ့ ရွာသားတွေ ကို ဖမ်းဆီးခြင်း မရှိဘူး၊ ဒီလူတွေကတော့ ကျွန်တော်တို့ စစ်ကြောင်း လှုပ်ရှားမှုတွေကို သတင်းပေးပို့ ဖို့အတွက် RCSS က တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းခံထားရသူတွေဖြစ်တယ်၊ နောက်တစ်ခုက သူတို့ဟာ ရှမ်းလူမျိုးတွေဖြစ်တဲ့ အတွက် လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရေး အတွက် ပြန်လွှတ်ပေးတာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲများ အတွင်း TNLA ဘက်မှ ပြည်သူ ၂၃ ဦးအား ဖမ်းဆီးထားသည်ဟု ကြားသိရသဖြင့် အမြန် ဆုံး လွှတ်ပေးရန် နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)နှင့် လူမှုညီညွတ်ရေး အသင်းတို့က ဒီဇင်ဘာ ၆ ရက်က တောင်းဆိုထားသည်။

သို့သော်လည်း TNLA ကမှု ပြည်သူလူထုကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် နှိပ်စက်ညှင်းပန်းမှုများကို ပြုလုပ်ခြင်း မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရှမ်းပြည်နယ် နမ့်ခမ်းဒေသတွင် TNLဗ နှင့် RCSS/SSA တို့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားပြီး နိုဝင်ဘာ နောက် ဆုံး အပတ်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှစ်ဘက် အဖွဲ့အစည်းများက သတင်းထုတ်ပြန် ထားသည်။

No comments: