Thursday, December 31, 2015

ဂျပန်တို့၏စီမံခန့်ခွဲမှု ပုံစံသစ် အစုအဖွဲ့ စီမံခန့်ခွဲမှုအတွက် ဥပမာ ‘ဆိုနီ’ ကုမ္ပဏီသည် ကုမ္ပဏီအတွင်းမှ ပုဂ္ဂိုလ်များ အများစုပါဝင်သည့် အဖွဲ့ဝင် လေးဆယ်ခန့်ပါဝင်သော ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းထားသည်

ဂျပန်တို့၏စီမံခန့်ခွဲမှု ပုံစံသစ် အစုအဖွဲ့ စီမံခန့်ခွဲမှုအတွက် ဥပမာ
‘ဆိုနီ’ ကုမ္ပဏီသည် ကုမ္ပဏီအတွင်းမှ ပုဂ္ဂိုလ်များ အများစုပါဝင်သည့် အဖွဲ့ဝင် လေးဆယ်ခန့်ပါဝင်သော ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းထားသည်။ ဝန်ထမ်းလုပ်သားပေါင်း ၂ဝဝဝဝ ကျော်ရှိသည့် ယင်းကုမ္ပဏီတွင် ထိုမျှများပြားသည့် ထိပ်ဆုံးစီမံခန့်ခွဲမှုအဖွဲ့သည် အလျင်အမြန် ပြောင်းလဲလျက်ရှိသည့် ပြင်ပ စီးပွားရေးနှင့်အညီ လိုက်လျောညီစွာ အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ဟု ယူဆလာပေသည်။

‘ဆိုနီ’ ကုမ္ပဏီသည် ဒါရိုက်တာအဖွဲ့၏ သုံးပုံနှစ်ပုံကို ကုမ္ပဏီအတွင်း ဌာနကြီးများ၏ အကြီးအကဲဥက္ကဋ္ဌအဖြစ် ပြောင်းရွှေ့လုပ်ကိုင်စေသည်။ ယင်းဌာနများကို ဆိုနီကုမ္ပဏီအတွင်း၌ လုပ်ငန်းလုပ်ဆောင်နေသည့် ကုမ္ပဏီများအဖြစ် နာမည်ပေးခဲ့သည်။ ပြောင်းရွှေ့ခဲ့ကြရသည့် ဒါရိုက်တာများမှာ ဒါရိုက်တာအဖွဲ့ဝင်များ မဟုတ်တော့သော်လည်း ‘ဆိုနီ’ ကုမ္ပဏီအသင်း အဖွဲ့၏ အဆင့်မြင့်ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။

‘ဆိုနီ’ ကုမ္ပဏီအတွင်းမှ ကုမ္ပဏီများမှာ ဖျော်ဖြေရေးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ ကွန်ပျူတာနည်းပညာ ထုတ်လုပ်မှုကုမ္ပဏီများ၊ လက်ကိုင်ဖုန်း ထုတ်လုပ်မှုကုမ္ပဏီများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုကုမ္ပဏီများ၊ မိတ္တူကူးစက်၊ ကွန်ပျူတာဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ ရုပ်မြင်သံကြားထုတ်လုပ်မှုကုမ္ပဏီများ၊ ဒီဂျစ်တယ်ကွန်ရက်ဆိုင်ရာ ကုမ္ပဏီများ ပါဝင်သည်။

ယင်းကုမ္ပဏီများသည် အဆင့်မြင့်နည်းပညာ ကုမ္ပဏီများဖြစ်ကြသည်။ ယင်းကုမ္ပဏီများ၏ ဥက္ကဋ္ဌများမှာ လုပ်ငန်းရပ်တစ်ခုစီတွင် သီးခြားလေ့လာလိုက်စားထားပြီး ကျွမ်းကျင်သည့် ပညာရှင်များဖြစ်ကြသည်။ ‘ဆိုနီ’ ကုမ္ပဏီ၏ ပုံစံသစ်အစု အဖွဲ့စီမံခန့်ခွဲမှုတစ်ခုအဖြစ် ပါဝင်နေပေသည်။

တိုယိုတာကုမ္ပဏီကမူ ခြားနားသည့် အစုအဖွဲ့ စီမံခန့်ခွဲမှု ပုံသဏ္ဌာန်ကို ထူထောင်ထားပေသည်။ တိုယိုတာ ကုမ္ပဏီသည် အမှန်တကယ် စွန့်စားကြိုးပမ်းမှု ကုမ္ပဏီ (Virtual Venture Company) တစ်ခုကို ထူထောင်ခဲ့သည်။ မန်နေဂျာ ၄ဝခန့်နှင့် ဝန်ထမ်းအလုပ်သမားများ ပါဝင်သည်။ လက်ရှိ ဈေးကွက်အတွင်းရှိ တိုယိုတာမော်တော်ကားများနှင့် လုံးဝခြားနားသည့် မော်တော်ကားပုံစံတစ်ခုကို တီထွင်ထုတ်လုပ်ကာ ဈေးကွက်တင်ရန် ဖြစ်သည်။ ယင်းကုမ္ပဏီသည် တိုယိုတာ ကုမ္ပဏီဥက္ကဋ္ဌထံ တိုက်ရိုက် အစီရင်ခံတင်ပြ ဆက်သွယ်နိုင်ပေသည်။

မော်တော်ကား ပုံစံသစ်ထုတ်လုပ်ရန် ရည်မှန်းချက်ဖြင့် တည်ထောင်သည့် ဤကုမ္ပဏီသည် ကမ္ဘာတွင် ထိပ်တန်းဦးဆောင်ကုမ္ပဏီဖြစ်နေသည့် တိုယိုတာကုမ္ပဏီ၏ မူလခံယူချက်အမြင်မှ သီးခြားတိုယိုတာ စီမံခန့်ခွဲမှု သဘောတရားအသစ်သို့ ပြောင်းလဲခဲ့ပေသည်။ မော်တော်ကား ပုံစံသစ် ကြိုးပမ်းမှုအမြင်သည် နောင်လူငယ်မျိုးဆက်များအတွက် ရည်မှန်းပေသည်။

တိုရှီဘာကုမ္ပဏီကမူ ကုမ္ပဏီကို သီးခြားလွတ်လပ်သည့် ကုမ္ပဏီ၆ခု အဖြစ် ခွဲထုတ်ပြီး ၎င်းတို့ကိုဒါရိုက်တာ အဖွဲ့ဝင် ၁ဝဦးခန့်သာပါဝင်သည့် မိခင် တိုရှီဘာ ကုမ္ပဏီကြီးအောက်တွင် ထားရှိပေသည်။ ယင်းမှာ မူလဒါရိုက်တာအဖွဲ့၏ သုံးပုံတစ်ပုံသာရှိပေသည်။ ဤပြောင်းလဲမှုသည် နိုင်ငံတကာ ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို တည်ဆောက်နိုင်ရန် ယခင်က တစ်စုတစ်ပေါင်းတည်း ကုမ္ပဏီ အဖြစ်မှ ယခု သီးခြားကျွမ်းကျင်မှုတို့ဖြင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီငယ်များအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်ပေသည်။ ကုမ္ပဏီငယ်တစ်ခုစီသည် တိုရှီဘာကုမ္ပဏီကြီး၏ အစိတ်အပိုင်းပင် ဖြစ်သည်။

အမေရိကန် ကော်ပိုရေးရှင်းကမ္ဘာတွင်မူ ဂျီအီး(GE) မော်တော်ကားကုမ္ပဏီ၏ ဦးတည်ချက်မှာ နယ်မြေကန့်သတ်ပိုင်းခြားမှု မရှိတော့သည့် နိုင်ငံတကာ ဦးဆောင်မှုပင် ဖြစ်သည်။ အမှုဆောင်အရာရှိချုပ် ‘ဂျက်ဝဲ့ခ်ျ’ (Jack Welch) က ၁၉၉ဝပြည့်လွန် နှစ်ကာလများအတွက် ရည်မှန်းချက်မှာ နယ်မြေကန့်သတ်ပိုင်းခြားမှုမရှိတော့သည့် ကုမ္ပဏီဖြစ်ရန်ဟု ဆိုခဲ့သည်။ နယ်မြေကန့်သတ်ပိုင်းခြားမှု မရှိတော့သည့် ကုမ္ပဏီသည် အင်ဂျင်နီယာပိုင်းဆိုင်ရာ၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာ၊ ဈေးကွက်တင် အရောင်းဆိုင်ရာနှင့် စားသုံးသူဆိုင်ရာတို့တွင်ရှိနေသည့် အကန့်အသတ် အတားအဆီးများကို ဖယ်ရှားရမည်ဖြစ်သည်။ ဂျက်ဝဲ့ခ်ျသည် ကုမ္ပဏီ၏ အကြီးအကဲနှင့် လက်အောက်ဝန်ထမ်းများအကြား ဆက်ဆံဆက်သွယ်မှုကို ပြန်လည်ပြုပြင်သတ်မှတ်ခြင်း၊ လုပ်ငန်းဌာနအလိုက် အဆင့်ဆင့်ဖွဲ့စည်းပုံကို အစားထိုးပြုပြင်ခြင်းနှင့် မန်နေဂျာများကို ခေါင်းဆောင် (Leader) များအဖြစ် ပြောင်းလဲခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဂျီအီး၏ ကြိုးပမ်းမှုသည် အရည်အသွေးအပြည့် စီမံခန့်ခွဲမှု (Total Quality Management-TQM) ၏ သဘောတရားနှင့် ကိုက်ညီနေပေသည်။

အိုင်ဘီအမ် (IBM) ၏ ယုံကြည်ချက် ကြွေးကြော်သံတွင် မန်နေဂျာများနှင့် ဝန်ထမ်းများကို အချက် ၃ချက် တောင်းဆိုတိုက်တွန်းထားသည်။ အောင်မြင်မှု၊ အကောင်အထည်ဖော်မှု၊ အသင်းလိုက်စည်းလုံးမှုတို့ ဖြစ်သည်။ နိုင်ငံတကာအနှံ့ ယှဉ်ပြိုင်မှုကို အောင်မြင်ရန်ဖြစ်သည်။ တီထွင်မှုများကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ ကုမ္ပဏီတွင်း ဌာနကွဲပြားမှု၊ ရာထူးနိမ့်၊ မြင့်မှုများကိုမခွဲခြားဘဲ အသင်းစိတ်ဓာတ်ဖြင့် တညီတညွတ်တည်း ကြိုးပမ်းရန်ဖြစ်သည်။

‘တက်ဆက်စ်အင်စထရူးမင့်’ ကုမ္ပဏီသည် ခေါင်းဆောင်မှုအဖွဲ့ မဟာဗျူဟာအမည်ရှိ အစုအဖွဲ့ စီမံခန့်ခွဲမှု သဘောတရားသစ်ကို စတင် ကျင့်သုံးခဲ့သည်။ ဤစနစ်တွင် အရည်အသွေး၊ စီမံကိန်းစီစဉ်ရေးဆွဲမှု၊ စရိတ်ကြီးကြပ်စိစစ်မှုနှင့် အခြားနည်းဗျူဟာများပါဝင်သည့် လုပ်ပိုင်ခွင့် အခွင့်အာဏာများ ပေးအပ်ထားသည့် ခေါင်းဆောင်မှုနည်းဗျူဟာ အဖွဲ့အသင်းများဖြစ်ပေသည်။ ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများသည် ၎င်းတို့အကျိုးပြုပေးနိုင်မည့် အဖွဲ့တစ်ခု သို့မဟုတ် နှစ်ခုတို့တွင် ပါဝင်ဆောင်ရွက်ကြရင်း မိမိတို့၏ တစ်ဦးချင်းဘဝ မျှော်မှန်းချက်များကိုလည်း အကောင်အထည် ဖော်နိုင်ပေသည်။

‘ဟာလေဒေးဗစ်ဆင်’ ကုမ္ပဏီသည် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး လွန်ခဲ့သည့်၁ဝနှစ် ကာလအတွင်း နှစ်စဉ်၁ဝရာခိုင်နှုန်းကျော် တိုးတက်မှုနှုန်းရှိခဲ့သည်။ကုမ္ပဏီ၏ ကြွေးကြော်သံဆောင်ပုဒ်မှာ ‘အလုပ်အတူလုပ်ကြစို့’ ဟူ၍ဖြစ်ပါသည်။ ကုမ္ပဏီ၏ မျှော်မှန်းချက်မှာ ကုမ္ပဏီ၏ သိက္ခာတန်ဖိုးကို မြှင့်တင်ရန် အလုပ်သမားများ၊ အရောင်းကိုယ်စားလှယ်များနှင့် ဝယ်ယူသုံးစွဲသူဖောက်သည်များ လက်တွဲလုပ်ဆောင်ကြရန်ဖြစ်သည်။

ကုန်ပစ္စည်း ထုတ်လုပ်မှုမဟုတ်သည့် လုပ်ငန်းများတွင်လည်း တစ်မူထူးခြားသည့် အုပ်စုအဖွဲ့အစည်းများကို တွေ့ရပါသည်။ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် အာမခံစာချုပ်စာတမ်းများကုမ္ပဏီ ‘ဂိုးလ်မင်းဆာ့’ (Gold-man Sachs) သည် အုပ်စုအစုအဖွဲ့ စီမံခန့်ခွဲမှုကို အစုရှင် ၃ဝဝ (ပူးတွဲပိုင်ရှင်) တို့နှင့် လုပ်ငန်းလုပ်ဆောင်သည်ကို တွေ့ရပါသည်။ တစ်ဦးချင်းတို့၏ အမြတ်ဝေစုကို အငြိမ်းစားယူသည့်အထိ ထိန်းသိမ်းထားပေးသည်။

ဤစနစ်သည် အသင်းအဖွဲ့လိုက်စိတ်ဓာတ်နှင့် ကုမ္ပဏီ၏ အကျိုးအမြတ် ရရှိမှုအတွက် အသင်းလိုက် လှုပ်ရှားကြိုးပမ်းမှုကို ဖန်တီးပေးလေသည်။ ကုမ္ပဏီသည် ဤပုဂ္ဂလိက အစုစပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကို နှစ်ပေါင်း ၁၃ဝကျော် ကျင့်သုံးခဲ့ပြီး ၁၉၉၈ခုနှစ်တွင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့သည်။ ပြောင်းလဲသွားသည့် ကုမ္ပဏီအခြေအနေသည် အများပိုင်ကုမ္ပဏီအဖြစ်မှ အကျိုးအမြတ် ရရှိစေခဲ့သည်။ သို့သော် ပြောင်းလဲသွားသည့် ပုံစံသစ် စီမံခန့်ခွဲမှုသည် အစုအဖွဲ့စီမံခန့်ခွဲမှု၏ အကျိုးကျေးဇူးကို ဆက်လက်ခံစားရရှိ စေလေသည်။

အစုအဖွဲ့ စီမံခန့်ခွဲမှုကို အောက်ပါအတိုင်း အကျဉ်းချုပ်နိုင်ပါသည်။
٭ ဂျပန်နိုင်ငံ၏ အစုအဖွဲ့အုပ်စုစီမံခန့်ခွဲမှုသည်
ဂျပန်လူမျိုးတို့၏ ယဉ်ကျေး
အလေးအနက်အခြေခံပါသည်။
٭ ဂျပန်နိုင်ငံကုမ္ပဏီများသည်
ပြောင်းလဲနေသည့် စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်တွင် အောင်အောင်မြင်မြင် ယှဉ်ပြိုင်နိုင်ရန် ကျွမ်းကျင်ပညာရှင် လုပ်သားများအား အသင်းအဖွဲ့စိတ်ဓာတ်နှင့် အသင်းလိုက် ပူးပေါင်းလုပ်ဆောင်မှု စွမ်းအားတို့ဖြင့် ပူးပေါင်းလုပ်ဆောင်မှုသို့ ဦးတည်သည့် အစုအဖွဲ့ စီမံခန့်ခွဲမှု ဟန်ပန်စနစ်ဖြင့် ပြောင်းလဲစေခဲ့ပါသည်။
٭ အမေရိကန်
ကော်ပိုရေးရှင်းကြီးများသည်လည်း ၎င်းတို့၏ လုပ်ငန်းများတွင် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် လုပ်ဆောင်မှုကို ကျင့်သုံးလာသည်။
٭ အစုအဖွဲ့စီမံခန့်ခွဲမှုနှင့်
ပူးပေါင်းလုပ်ဆောင်မှုသည် နိုင်ငံတကာ အသွင်သဏ္ဌာန်သို့ ရောက်ရှိလာတော့သည်။

(Examples of New Group Management)
kyi khin

No comments: