Monday, December 28, 2015

မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံရမှုအတွက် ထိုင်းဘုရင် မင်းမြတ်ထံ မြန်မာတော်ဝင်မိသားစု မေတ္တာရပ်ခံစာတစ်စောင်ပေးပို့မည် =====================================================

မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံရမှုအတွက် ထိုင်းဘုရင် မင်းမြတ်ထံ မြန်မာတော်ဝင်မိသားစု မေတ္တာရပ်ခံစာတစ်စောင်ပေးပို့မည်
=====================================================

မန္တလေး ၊ ဒီဇင်ဘာ ၂၈
မြေးချစ်ညို

မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံရမှုနှင့်ပတ်သတ်ပြီး မြန်မာ့တော်ဝင်မိသားစုက ထိုင်းဘုရင်မင်းမြတ်ထံသို့ မေတ္တာရပ်ခံစာတစ်စောင်ပေးပို့သွားမည်ဖြစ်ကြောင်း တော်ဝင်မိသားစုမှ မျိုးဆက်တစ်ဦးဖြစ်သူ ထိပ်တင်အောင်က Friday Times သို့ပြောကြားသည်။

“ သေဒဏ်ကို ပယ်ဖျက်ခိုင်းတာတော့မဟုတ်ဘူး ၊ နောက်ရုံးတွေထပ်တက်တဲ့အခါမှာ သက်သေခိုင်လုံစွာနဲ့ အမှုကို ပြန်လည်စစ်ဆေးပေးဖို့ မေတ္တာရပ်ခံတဲ့စာသာဖြစ်တယ်” ဟု ထိပ်တင်အောင်က ပြောကြားသည်။

လွန်ခဲ့သည့်နှစ်က ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်သည့် ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့အပြီးနောက် ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သေဒဏ်ချမှတ်ခံရမှုအပေါ် မြန်မာနိုင်ငံသားအများစုက လက်မခံကြောင်းပြသသည့်အနေဖြင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးအရှေ့တွင် သွားရောက်ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သလို မန္တလေးနှင့် အခြားမြို့များ တွင်လည်း ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများ လက်မှတ်ထိုးပွဲများကို ပြုလုပ်ခဲ့သည်။

“ ဒါက ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်တဲ့အနေနဲ့ပို့တာ မဟုတ်ပါဘူး ၊ မြန်မာနိုင်ငံမှာ ဒီကိစ္စကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာကို ထိုင်းဘုရင်မင်းမြတ်သိသွားခဲ့ရင် ၊ နောင်အမှုထပ်စစ်တဲ့အခါ တရားမျှတမှု သက်သေခိုင်လုံစွာနဲ့ စစ်ဆေးမှုရလာအောင်လို့ ပို့တာဖြစ်ပါတယ်” ဟု ဦးထိပ်တင်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံအနှံ့တွင် ထိုင်းတရားရုံးဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိသဖြင့် ဆန္ဒပြပွဲများပြုလုပ်နေခြင်းအပေါ်ကို ထိုင်းစစ်တပ်မှ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူက ယင်းဆန္ဒပြပွဲများသည် နိုင်ငံရေးသမားတစ်စုက ပြည်သူကို အသုံးချပြုလုပ်နေခြင်းဖြစ်ကြောင်းမှတ်ချက်ပြုပြောဆိုခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာက ရေးသားဖော်ပြခဲ့သည်။

No comments: