Monday, December 28, 2015

သေနတ်နှင့်ဓားများ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူနှစ်ဦး ကုန်စုံဆိုင်တစ်ခုကို ခြိမ်းခြောက် ငွေတောင်း

သေနတ်နှင့်ဓားများ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူနှစ်ဦး ကုန်စုံဆိုင်တစ်ခုကို ခြိမ်းခြောက် ငွေတောင်း

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် လယ်ဦးကျေးရွာအုပ်စုရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ အမျိုးသမီးနှစ်ဦးကို သေနတ်နှင့်ဓားများကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူနှစ်ဦးက ခြိမ်းခြောက်ငွေတောင်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှသိရှိရသည်။

ဒီဇင်ဘာလ ၂၆ရက်နေ့က လယ်ဦးအုပ်စု ပိုးဖြူတောင်နှင့်တုံကောင်းမှုရွာ ဆက်သွယ်ထားသော မြေသားလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်တစ်ဆိုင်တွင် အမျိုးသမီးနှစ်ဦးတည်းရှိနေစဉ် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မျက်နှာဖုံးစွပ်၍ရုပ်ဖျက်ထားသူနှစ်ဦးက အော်လျှင်သတ်ပြစ်မည်ဟုပြောဆိုပြီး ရွှေနှင့်ငွေကြေးများတောင်းခဲ့ရာ အမျိုးသမီးတစ်ဦးက ငွေကျပ်ရှစ်သောင်းထုတ်ပေးသော်လည်း ငွေဆယ်သိန်းလိုချင်သည်ဟု မျက်နှာဖုံးစွပ်သူများက ပြန်လည်ပြောဆိုသဖြင့် အမျိုးသမီးက ငွေကျပ် ရှစ်သိန်းထပ်မံထုတ်ပေးခဲ့ရကြောင်း ဖောင်းပြင်မြို့မရဲစခန်းမှ တိုင်းရဲတပ်ဖွဲ့ထံတင်ပြသော သတင်းများအရသိရသည်။

ခြိမ်းခြောက်ငွေတောင်းသူ မျက်နှာဖုံးစွပ်နှစ်ဦးမှ တစ်ဦးသည် အရပ်ပုပြီး အသားညိုကာ နောက်တစ်ဦးမှာအရပ်ရှည်ပြီးပိန်သည်ဟု တရားလိုပြုလုပ်တိုင်ကြားခဲ့သော ဆိုင်အတွင်းရှိနေသည့်အမျိုးသမီးက ရဲတပ်ဖွဲ့ကို ပြောဆိုထားကြောင်း တိုင်းရဲတပ်ဖွဲထံမှသိရသည်။

ဆိုင်အပြင်တွင် ဆိုင်ကယ်တစ်စီးနှင့်လူတစ်ဦးတို့အသင့်စောင့်နေပြီး အဆိုပါမျက်နှာဖုံးစွပ်လူနှစ်ဦးသည် ပိုက်ဆံအိတ်ကိုရယူပြီးနောက် ဆိုင်ကယ်ကိုသုံးဦးစီးကာ မောင်းနှင်ထွက်ပြေးသွားကြောင်း
ရဲတပ်ဖွဲ့၏စစ်ဆေးချက်များတွင်ဖော်ပြထားသည်။

၎င်းခြိမ်းခြောက်ငွေတောင်းသူများကို ဖောင်းပြင်မြို့မရဲစခန်းမှ (ပ)၈၇/၂၀၁၅ ပြစ်မှုပုဒ်မ ၃၈၆အရ အမှုဖွင့် အရေးယူထားသော်လည်း တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

No comments: