Sunday, December 27, 2015

ဖားကန့်မြေစာပုံဖြစ်ရပ် ရှာဖွေရေး ရပ်ဆိုင်း

ဖားကန့်မြေစာပုံဖြစ်ရပ် ရှာဖွေရေး ရပ်ဆိုင်း

27.12.2015 19:47

ဗွီအိုအေ (မြန်မာပိုင်း)



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေ မြေစာသွန်တဲ့နေရာမှာ ပြီးခဲ့တဲ့သောကြာနေ့က မြေစာပုံပြိုကျ ပြီးနောက် ဒါဇင်နဲ့ချီတဲ့ ပျောက်ဆုံးသူတွေကို ရှာဖွေနေကြတာ အခုတော့ ရပ်လိုက်ပါပြီ။

ဒီဇင်ဘာ ၂၅ ခရစ္စမတ်စ်နေ့ ညနေ အစောပိုင်းကနေ ၂၆ ရက်နေ့ တနေ့လုံးနဲ့ ဒီကနေ့ နေ့ခင်းပိုင်းအထိ ရှာဖွေပေမယ့် ပျောက်ဆုံးနေသူတွေ ထဲက အသက်ရှင်ကျန်ရစ်သူရော၊ သေဆုံးတဲ့ အလောင်းတွေပါ ဘာမှမတွေ့ရဘဲ ရှာဖွေတဲ့လုပ်ငန်းကို ရပ်လိုက်တာလို့ အခုဖြစ်ရပ်ကို အနီးကပ် စောင့်ကြည့်နေတဲ့ ဖားကန့်အခြေစိုက် အလွတ်သတင်းထောက် ကိုဇော်မိုးထက်က ဗွီအိုအေကိုပြောပါတယ်။

“နားလိုက်တယ်ဆိုတာက ရှာရတာက မြေစာပုံက အရင်မြေစာပုံထက် ပိုပြီးတော့ကြီးတာပေါ့နော်၊ နောက်ပြီးတော့ အဲဒီပြိုကျတဲ့မြေစာပုံ အောက်ထိကို ဒီစက်တွေပေါ့နော် ယန္တရားတွေဘာတွေ သွားဖို့လာဖို့ နည်းနည်းခက်ခဲတာပေါ့နော်။ အင်အားများများနဲ့ ဖော်လို့ ရတာပေါ့ နော်။ ‘ဘက်ဖိုး’ဆင်းတဲ့လမ်းနဲ့ မြေစာသယ်ကားတွေ ဆင်းတဲ့လမ်းတွေအတိုင်း မြေစာတွေ သယ်ထုတ်ပြီးတော့မှ အဲဒီလိုမျိုး လုပ်ရင်တော့ ရတာပေါ့။ အခုတော့ ကုမ္ပဏီဖက်ကရော ဌာနဆိုင်ရာအားလုံးကလည်း ဒီ ဒေသခံတွေ ရှာဖွေရတာ ခက်ခဲတဲ့သဘော ရှိတာသိတော့ သူတို့ ရပ်လိုက်တယ်။ နောက်ပြီး တလောင်းမှ မတွေ့ဘူး။ သေဆုံးသူကတော့ အနည်းဆုံး ၅၀ လောက်ရှိတယ်။ အဲဒါ တလောင်းမှ ပြန်မရဘူး”

ဥရုချောင်းရဲ့ အနောက်ဘက် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာအနီး မြန်မာတကောင်းကုမ္ပဏီက လာသွန်တဲ့ မြေစာပုံ ပြိုကျပြီး လူတွေပျောက်နေတာပါ။ အဲဒီနေရာမှာပဲ နိုဝင်ဘာလ ၂၁ ရက်နေ့နောက်ပိုင်း အခုချိန်ထိ ၃ ကြိမ်တိုင်တိုင် မြေစာပုံပြိုခဲ့ပါသေး တယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၄ နာရီလောက် လူတွေအိပ်ပျော်နေချိန် အဲဒီဒေသက မြေစာပုံပြိုကျရာမှာ ထွက်ပြေးချိန်မရပဲ အနည်း ဆုံး လူ ၁၁၄ ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာလ ဒုတိယအပတ်တုန်းကလဲ အဲဒီနေရာတဝိုက်မှာ အလားတူ မြေစာပုံပြိုပြီး အနည်းဆုံး လူ ၇ ဦးသေဆုံးတယ်လို့ ခန့်မှန်းကြပေမယ့် ဒီဖြစ်စဉ်ကို သိရှိသူနည်းပါးခဲ့ပါတယ်။ အဲဒီနေရာတွေဟာ နောင်လည်း မြေစာပုံပြိုမယ့် အလားအလာတွေ ရှိနေပြီး မြေစာပုံမှာ အက်ကြောင်းကြီးတွေ တွေ့နေရတယ်လို့ ကိုဇော်မိုးထက်က ပြောပါတယ်

No comments: