ရေဒါဖြင့်ပုံရိပ်ဖမ်းယူနိုင်မှုလျှော့ချထားသော ကိုယ်ပျောက်နည်းပညာသုံးစစ်ရေယာဉ် တပ်မတော်စတင်အသုံးပြု
ရန်ကုန်၊ဒီဇင်ဘာ၂၆
တစ်ဖက်ရန်သူမှ ရေဒါပုံရိပ်ဖမ်းယူရရှိမှုကို ပိုမိုလျှော့ချနိုင်သည့် ကိုယ်ပျောက်နည်းပညာအသုံးပြုစစ်ရေယာဉ်ကို တပ်မတော်ကစတင်အသုံးပြုမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၄ရက်နေ့ကပြုလုပ်သော (၆၈) နှစ်မြောက်တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေယာဉ်များစတင်အသုံးပြု တပ်တော်ဝင်ခြင်းအခမ်းအနားတွင် အဆိုပါကိုယ်ပျောက်နည်းပညာအသုံးပြုစစ်ရေယာဉ်ကို တပ်တော်ဝင်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
အဆိုပါရေယာဉ်ကို ဆင်ဖြူရှင်ဟုအမည်ပေးထားပြီး ယခင်တည်ဆောက်ပြီးဖရီးဂိတ်စစ်ရေယာဉ်များနှင့် အခြေခံပုံစံတူညီသော်လည်း ရေဒါပုံရိပ်ဖမ်းယူရရှိမှုကို ပိုမိုလျှော့ချနိုင်သည့် ကိုယ်ပျောက်နည်းပညာဒီဇိုင်း အသုံးပြုထားကြောင်းဖော်ပြထားသည်။
ထို့အပြင် ကိုယ်ပျောက်နည်းပညာသုံးရေယာဉ်သည် ပိုမိုစွမ်းအားမြင့်မားသည့် စစ်လက်နက်ပစ္စည်းများ ထပ်မံဖြည့်ဆည်းတပ်ဆင်ထားသော အလျား ၁၀၈မီတာ၊ တန်ချိန်၁၈၅၀ရှိသည့် အဆင့်မြင့်ခေတ်မီဒုံးပျံတင် ဖရီးဂိတ်စစ်ရေယာဉ်ဖြစ်ပြီး ၂၀၁၀ပြည့်နှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။
ထို့အပြင် အဆိုပါတပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် တပ်တော်ဝင်ခဲ့သော တင့်ကားတင်ကမ်းထိုးရေယာဉ် ၆ စီးကိုလည်း၂၀၁၅ခုနှစ် မတ်လတွင်စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်၏စစ်ဆင်ရေးများတွင် ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်းထပ်မံဖော်ပြထားသည်။
တပ်မတော်(ရေ)သည် ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ်များအား ၂၀၀၅ခုနှစ်မှစတင်၍ ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့ပြီး စစ်ရေယာဉ်အောင်ဇေယျအား ၂၀၁၀ပြည့်နှစ်တွင်လည်းကောင်း၊ စစ်ရေယာဉ်ကျန်စစ်သားအား ၂၀၁၄ခုနှစ်တွင်လည်းကောင်း တပ်တော်ဝင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှသိရသည်။
(Photo- Senior General Min Aung Hlaing Facebook)
No comments:
Post a Comment