Monday, December 28, 2015

ပြည်သူများကန့်ကွက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မှုအစီအစဉ်ကို ရပ်ဆိုင်းဟုဆို

ပြည်သူများကန့်ကွက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မှုအစီအစဉ်ကို ရပ်ဆိုင်းဟုဆို

ပုသိမ်၊ ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၁၄ အုပ်ချုပ်ရေးနယ်မြေတွင် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာသည့် လုပ်ဆောင်ခြင်းမရှိဟုဆိုကာ့ ရပ်ကွက်အတွင်းနေသူများက ကန့်ကွက်လာခြင်းကြောင့် ကြီးကြပ်ရေး အဖွဲ့ရွေးချယ်မည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ကြောင်း ပုသိမ်မြို့ အမှတ်(၁၄)နယ်မြေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အဆိုပါကြီးကြပ်ရေးအဖွဲ့  ဖွဲ့စည်းမည်ကို မသိရှိရကြောင်း၊ အဖွဲ့ ဖွဲ့စည်းမည်ကို ပွင်းလင်းမြင်အောင်အသံချဲ့စက် သို့မဟုတ် အသိပေးအကြောင်းစာ ထုတ်ပြန် ခြင်း မရှိခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်စာရေးအဖွဲ့က ၎င်းတို့နှင့်အဆင်ပြေသော ၎င်းတို့စိတ်ကြိုက်သူများကိုသာ သီးခြားခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်နေသူများကို အသိပေးခြင်း မရှိ ခဲ့ကြောင်း၊ကြိုတင်အကွက်ချ ကြံစည်လုပ်ဆောင်ခြင်းဟု ထင်မြင်ယူဆခြင်းကြောင့် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့်အဖွဲ့ လုပ်ဆောင်ချက်အပေါ် ယုံကြည်မှုမရှိ၍ ကန်ကွက်ရခြင်းဖြစ်ကြောင်း အဆိုပါ ရပ်ကွက်ရုံးအနီးဓမ္မာရုံတွင် စုရုံးရောက်ရှိနေသူ ရပ်ကွက်သူ၊ရပ်ကွက်သားများက ဆိုသည်။

“ကျမတို့အနေနဲ့ ဘာမှမသိခဲ့ရဘူး။ ဈေးရောင်းဖို့လာတာပါ။ ရုံးရှေ့ကဖြတ်တုန်း လူတွေစုပြီး ဆူညံနေတာတွေ့လို့ မေးကြည့်တော့မှ လူကြီးရွေးဖို့လို့ ပြော ကြတယ်။ ရွေးလို့တောင် အတော်ပြီးနေပြီ ပြောတယ်။ကျွန်မတို့က လက်ရှိ လူကြီး လုပ်နေသူတွေကို မကြိုက်ဘူး။ဒါကြောင့် ပြောင်းလဲစေချင်တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မကောင်းတဲ့ လူဖြစ်နေတော့ ကျွန်မတို့ စိတ်ကြိုက် လူတွေကို ကျမကိုယ်တိုင် ရွေးမပေးရတော့ မကျေနပ်နိုင်ဘူး”ဟု အဆိုပါ ရပ်ကွက်တွင်းနေ ဒေါ်သန်းသန်းအေး ကဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးရန်အတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရန်  ဆယ်အိမ်စုမှူးများကိုသာ ဖိတ်ကြားခြင်းဖြစ်ကြောင်း၊နယ်မြေခွဲ ၁၅ ခုရှိရာ နယ်မြေ ခွဲ တစ်ခုလျှင် သုံးဦးနှုန်းဖြင့် တစ်ရပ်ကွက်လုံးအတွက် ၄၅ ဦးကို ရွေးချယ်ကာ ထိုအထဲမှ ကြီးကြပ်ရေးအဖွဲ့ဝင် ငါးဦးကို ရွေးချယ်မည်ဖြစ်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်တွင် အသံချဲ့စက်အသုံးပြုရန် ညွှန်ကြားချက်မပါရှိ၍ အသုံးမပြုကြောင်း၊ ဖိတ်ကြားခံရသူများအနက် မရောက်ရှိလာသူများ ယခုကဲ့သို့ အတိုက်အခံ လုပ်လာသဖြင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံတင်ပြပြီး ရပ်ဆိုင်းလိုက်ကြောင်း ပုသိမ်မြို့ အမှတ် ၁၄ နယ်မြေအုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက ပြောသည်။

ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် ရပ်ကွက်တွင်းနေသူများကို လုပ်ငန်းစဉ်အား ချပြရှင်းလင်း ရန်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး အပြီးသတ် ရွေးချယ်ခြင်း မဟုတ်ကြောင်း လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာ ဆောင်ရွက်ပြီး အသံချဲ့စက် အသုံးပြု၍ နိုးဆော်အသိပေးရန် ညွန်ကြားထားကြောင်း၊ ယခုကဲ့သို့ အဖြစ်အပျက်များကြောင့် ထိုရပ်ကွက်တွင်းသို့ မြို့နယ်အဆင့်တာဝန်ရှိသူများက တိုက်ရိုက်ကွင်းဆင်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ရှင်းပြသည်။

ပုသိမ်မြို့နယ်တွင် မြို့ပေါ်အုပ်ချုပ်ရေးနယ်မြေ ၁၅ ခု၊ကျေးရွာအုပ်စု ၇၅ အုပ်စုရှိရာ အမှတ် ၁၄  အုပ်ချုပ်ရေးနယ်မြေတွင် ဥမ္မာဒန္တီရပ်ကွက်နှင့် ပန်းဆက် ရပ်ကွက်ကြီး နှစ်ခုရှိပြီး နယ်မြေခွဲ ၁၅ ခု ရှိကြောင်း၊အိမ်ထောင်စု ၂၀၉၆ စု၊လူဦးရေ ၉၀၈၃ ဦး ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

No comments: