Thursday, December 31, 2015

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန် အချိန်မလုံလောက်၍ ဥပဒေပြင်ရန်လွှတ်တော်တင်

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန် အချိန်မလုံလောက်၍ ဥပဒေပြင်ရန်လွှတ်တော်တင်

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်ရန် မှုလကလွှတ်တော်သက်တမ်းအတွင်း ရွေးချယ်ရမည်ဟုပြဋ္ဌာန်းထားရာ အချိန်လုံလောက်မှုမရှိ၍ ယင်းဥပဒေပြဋ္ဌာန်းကိုပြင်ဆင်ရန် အစိုးရကပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းဥပဒေတွင် မူလက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏သက်တမ်းသည် လွှတ်တော်သက်တမ်းနှင့်တူညီရမည်ဟု ပြဋ္ဌာန်းထားပြီး ယင်းအချက်ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏သက်တမ်းသည် နိုင်ငံတော်သမ္မတ၏သက်တမ်းအတိုင်း ဖြစ်ရမည်ဟု ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

လက်ရှိလွှတ်တော်သက်တမ်းသည် လာမည့်ဇန်နဝါရီလ ၃၁ ရက်တွင်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများရွေးချယ်ရန် စတင်နေပြီဖြစ်သော်လည်း အချိန်အကန့်အသတ်ရှိခြင်းကြောင့် ယင်း သို့ပြင်ဆင်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက လွှတ်တော်သို့တင်ပြထားသည်။

"သက်တမ်းတစ်လအတွင်း ရွေးဖို့အချိန်မလောက်ဘူး။ ပုဒ်မတွေအများကြီးပြင်တာမဟုတ်လို့ လွှတ်တော်ကလက်ခံရင်  တစ်ပတ်အတွင်း ပြီးပါတယ်" ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ယင်းဥပဒေပြင်ဆင်ပြီးပါက ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရွေးကောက်ပွဲတွင် ရှစ်ဆယ်ရာခိုင်နှုန်းကျော်အနိုင်ရထားသည့် NLD ပါတီကတင်မြှောက်သော သမ္မတသက်တမ်းစတင်မှပြန်လည် ရွေးချယ်ရတော့မည်ဖြစ်သည်။

လွှတ်တော်သည် လာမည့်ဇန်နဝါရီလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သောကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်အချို့တွင်ရွေးချယ်မှုများပြုလုပ်လျက်ရှိသည်။

လတ်တလော၌တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တစ်လအတွင်းပြန်လည်ရွေးချယ်ရန် သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များက  ကြေညာထားသည်။

No comments: