ကျိုက်ထီးရိုးဘုရားဖူးယာဉ်နှင့် ကုန်တင်ယာဉ် ဝင်တိုက် နှစ်ဦးသေ ၂၆ဦး ဒဏ်ရာရ
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်သွား ကားလမ်းပေါ် မိုင်တိုင်အမှတ် (၆၉/၇) နှင့် (၇၀/၀) ကြားရှိ ကွင်းချောင်းတံတားပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) နံနက် ၃ နာရီခန့်က ယာဉ်မောင်းအပါအဝင် ဘုရားဖူးသူ ၂၈ဦးလိုက်ပါလာသော လိုက်ထရပ်မော်တော်ယာဉ်မှာ မျက်နှာချင်းဆိုင် မောင်းနှင်လာသော ကုန်တင်ယာဉ်နှင့်တိုက်မိရာမှ အဘွာအိုးနှစ်ဦးသေဆုံးပြီး ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝေါမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့တော် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နေထိုင်သူများက ဆွေမျိုးများစုစည်းကာ ကျိုက်ထီးရိုးဘုရားဖူးထွက်လာသော လိုက်ထရပ်မော်တော်ယာဉ်မှာ ဘိလပ်မြေအိတ်များ သယ်ဆောင်လာသော ဟီးနိုးအမျိုးအစား ကုန်တင်ယာဉ်နှင့် မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ကြောင်း ၊ အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၆၅နှစ် အရွယ် အသက် ၆၅ နှစ်အရွယ် ဒေါ်ဝင်းကြည်နှင့် အသက် ၇၀ အရွယ် ဒေါ်သောင်းညွန့်တို့ သေဆုံးခဲ့ပြီး ကျန်၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရသည်။
“ တံတားကပြင်နေတာကြောင့် တံတားပေါ်မှာ ကားနှစ်စီးယှဉ်မောင်းလို့ မရတာကို တစ်ဖက်နဲ့တစ်ဖက် အရှိန် မလျှော့တာကြောင့် မျက်နှာချင်းဆိုင်တိုက်မိတာ၊ ဒဏ်ရာရတဲ့သူတွေကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး ” ဟု ဝေါမြို့မ ရဲစခန်းမှ အမှုစစ်ရဲ အရာရှိ ရဲအုပ်သန်းမြင့်က ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မောင်း အပါအဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဝေါမြို့နယ်ပြည်သူ့ဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကာ ကုသမှုခံယူနေကြောင်း ၊ ကုန်တင်ယာဉ်မောင်းမှာ ထွက်ပြေးနေပြီး ယာဉ် (ပ) ၇၄/၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရှိရသည်။
No comments:
Post a Comment