လိပ်ကျွန်းလူသတ်မှုတွင် တရားရုံး၏ ဆုံးဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ် အကာအကွယ်ပေး ပြောဆို၊ ဆန္ဒပြမှုများအပေါ် ဒေါသတကြီး တုံ့ပြန်
-----------------------------------------------------------
ဘန်ကောက်၊ ဒီဇင်ဘာ ၂၈
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု၌ သေဒဏ်ပြစ်မိန့် ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး အတွက် မြန်မာနိုင်ငံတွင် ကန့်ကွက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိုင်းစစ်အစိုးရ ခေါင်းဆောင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချားက ဒေါသတကြီး တုံ့ပြန်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုသူများ အနေနှင့် ထိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားသင့်ကြောင်း၊ ထိုင်းတရားစီရင်ရေးစနစ် အနေနှင့် လူအများ၏ ဖိအားပေးမှုများကို ဦးညွှတ်ကာ အလျှော့ပေးလိမ့်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချားက ပြောကြားသည်။
“သူတို့ (ပြစ်ဒဏ်ချမှတ်ခံထားရသော မြန်မာနှစ်ဦး) မှာ အယူခံဝင်ပိုင်ခွင့်ရှိတယ် မဟုတ်လား။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဥပဒေတွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါမှမဟုတ် ထိုင်းနိုင်ငံရဲ့ ဥပဒေမှာ အဲဒါမျိုး မရှိလို့လား။ ဒီအမှုမှာ ဖိအားပေး ခံလိုက်ရတာနဲ့ ကျွန်တော်တို့က အားလုံးကို လွှတ်ပေးသင့်ရောလား” ဟု ၎င်းက ဆိုသည်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချားသည် ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီ ပြည်နယ်သို့ သွားရောက်ရန် လေယာဉ်ပျံပေါ်သို့ မတက်မီ သတင်းထောက်များအား လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ထိုသို့ မှတ်ချက်ပေး ပြောကြားစဉ် ၎င်းသည် ဒေါသထွက်နေသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် ကိစ္စအပေါ် မကျေနပ်သူ ရာပေါင်းများစွာက ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့တွင် ဆန္ဒပြလျက်ရှိသည်။
ထိုင်းအာဏာပိုင်များသည် ကြီးမားသော အမှုကြီးတစ်ခုကို ပိတ်သိမ်းပစ်နိုင်ရန် ကြိုးပမ်းရာ၌ မြန်မာနိုင်ငံသားနှစ်ဦးကို ဓားစာခံအဖြစ် အသုံးချလိုက်ခြင်း ဖြစ်သည် (အရပ်အခေါ်အားဖြင့် ‘ထိုးကျွေးလိုက်ခြင်း ဖြစ်သည်’) ဟု ဆန္ဒပြသူများက ဆိုကြသည်။
No comments:
Post a Comment