မြန်မာနှစ်ဦးလွတ်မြောက်ရေး ဆန္ဒပြသူအချို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ သွားရောက်၊ ဥပဒေအရအကူညီပေးမည်ဟု ဦးဝင်းထိန်ပြော
-------------------------------------------------
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံရကာ သေဒဏ်ချမှတ်ခံထားရေသော မြန်မာနိုင်ငံသား နှစ် ဦးလွတ်မြောက်ရေး အတွက် ဆန္ဒပြသူအချို့ ယနေ့(ဒီဇင်ဘက် ၂၇ ရက်)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့သွားရောက်ကာ မြန်မာလူငယ်နှစ်ဦးကို အကူအညီပေးရေးအတွက် တောင်းဆိုခဲ့ကြကြောင်း ယင်းလှုပ်ရှားမှုကို ဦးဆောင်သူများထံမှ သိရှိရသည်။
ယင်းသို့တောင်းဆိုရာတွင် NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ ဝင် ဦးဝင်းထိန် ဥပဒေကြောင်းအရအကူညီပေး သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သတ်ပြီး စွပ်စွဲခံမြန်မာနှစ်ဦးကို သေဒဏ်ချမှတ် ခံရမှုကိုအမြန်ဆုံးပြန်လွှတ်ပေးရန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိုင်းအစိုးရကို တိုက် တွန်းပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူ ဆရာတော် ဦးနာဂသေန်က မိန့်ကြားသည်။
“ဦးဇင်းတို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ကိုလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးလို့ တောင်းဆိုတာပါ၊ သူက အရေးပါတဲ့လူတစ်ယောက်ဖြစ်တယ်၊ဒါကြောင့်သူအနေနဲ့ထိုင်းအစိုးရ သိအောင် တစ်ခုခုတော့ ထွက်ပြောသင့်တယ်”ဟုအဆိုပါ ဆရာတော်က မိန့်ကြားသည်။
NLD ပါတီ အနေနှင့် အဆိုပါ အမှုနှင့်ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဥပဒေကြောင်းအရ အကူညီ ပေးနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း NLD ပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဆိုသည်။
“ဥပဒေလမ်းကြောင်းအတိုင်းကူညီ သွားရုံပါပဲ၊ သူတို့ အယူခံဝင်လို့ရပါတယ်၊ ပြီးတော့ သူတို့ဖြစ်တာက ထိုင်းနိုင်ငံမှာဖြစ်တာ ထိုင်းဥပဒေအရ အဆင့်ဆင့် အယူခံဝင်လို့ရပါတယ်”ဟု ဦးဝင်းထိန်က ဆန္ဒပြသူများကို ပြောကြားခဲ့သည်။
အဆိုပါ အမျိုးဘာသာ သာသနာစောင့်ရှောက်ရှေးအဖွဲ့နှင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂဦးဆောင်သည့် ဆန္ဒပြသူများသည် ယနေ့ မွန်းလွဲ ၁နာရီခန့်က ရွှေတံဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ လူအင်အား ၁၀၀၀ ၀န်းကျင်ခန့်ဖြင့် ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုတောင်းပွဲပြုလုပ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဆက်လက်သွားရောက်ခဲ့ ခြင်းဖြစ်သည်။
“ဦးဇင်းတို့ကတော့ ဒီကလေးတွေ လွတ်မြောက်ဖို့ နည်းလမ်းမျိုးစုံနဲ့ တောင်းဆိုသွားဖို့ရှိတယ်။ ဆက်တိုက် ဆိုသလို လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒါမျိုး မြန်မာနိုင်ငံသားတွေ သူတစ်ပါးနိုင်ငံမှာ မတရားခံရတာမျိုးကို ငြိမ်းခံနေလို့မဖြစ်ဘူးဟု ” မဘသ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန်ကြားသည်။
ထို့နောက် ၂၉ရက်နေ့ မွန်းလွဲ ၁နာရီတွင် ရန်ကုန်တိုင်းဒေသကြိး ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင်လည်း ဟောပြောပွဲ ဟောပြောပွဲလုပ်ကာ ထိုင်းသံရုံးသို့ ချီတက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ၄င်းက မိန့်ကြားသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး ဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သေဒဏ်ချမှတ်ခဲ့သည်ကို တရားမျှတမှုမရှိဟုဆိုကာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆန္ဒပြတောင်းဆိုမှုများနေ့စဉ် ပြုလုပ်လျှက်ရှိသည်။
ဓာတ်ပုံ - အံ့မင်းညို
No comments:
Post a Comment