Wednesday, December 30, 2015

ရဲတပ်သားတစ်ဦး ဘုရားရင်ပြင်တွင် မီးရှို့သတ်သေ

ရဲတပ်သားတစ်ဦး ဘုရားရင်ပြင်တွင် မီးရှို့သတ်သေ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၃ ရပ်ကွက် ရွှေဆံတော်ဘုရား အရှေ့တောင်ဘက်ထောင့်ရှိ တဝဂူဘုရား အရုဏ်ခံအတွင်း ယနေ့(ဒီဇင်ဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီခွဲခန့်က အသက် ၂၇ နှစ်အရွယ်ခန့် ရဲတပ်သားအမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့သေကြောင်းကြံစည်ခဲ့ကြောင်း အဆိုပါဘုရားဂေါပကရုံးမှ ရုံးအဖွဲ့မှူး ဦးစန်းကြည်ကဆိုသည်။

" တဝဂူထဲကနေ ဝုန်းခနဲအသံထွက်ပြီး မီးတောက်တွေနဲ့ မီးခိုးတွေ ထွက်လာတာကို မုခ်ဦးပန်းဆွဲလုပ်နေတဲ့ ပန်းရံလုပ်သားတွေက မြင်ပြီး ရေလောင်းပတ်ငြှိမ်းသတ်ခဲ့တာဖြစ်ပါတယ်။ လတ်တလော သိထားတာက တောင်ငူမြို့ အရှေ့ဘက်ကမ်း မိုးကောင်းကျေးရွာ အမှတ် ၃ ရဲစခန်းက တပ်သားတစ်ယောက်လို့ သိရှိထားတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

ကိုယ့်ကိုယ်ကိုယ်ဓာတ်ဆီလောင်းပြီး မီးရှို့သေကြောင်းကြံစည်ခဲ့သော အဆိုပါ ရဲတပ်သားသည် တောင်ငူမြို့ အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သော မျိုးမင်းဆိုသူဖြစ်ပြီး ရရှိထားသော မီးလောင်ဒဏ်ရာများကြောင့် တောင်ငူခရိုင်ဆေးရုံကြီး အရေးပေါ်ကုသဆောင်မှတစ်ဆင့် ကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ကုသနေရကြောင်း အမှတ် ၃ နယ်မြေရဲစန်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

"ရဲတပ်သားမျိုးမင်းလို့ ကနဦးသိထားပါတယ်။ စခန်းမှူးလည်း ဆေးရုံကြီးကိုလိုက်သွားပါပြီ။ ဘာကြောင့် သတ်သေလဲဆိုတာကလည်း မသိရသေးပါဘူး"ဟု တောင်ငူမြို့ အမှတ် ၃ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါ ရဲတပ်သားမျိုးမင်းသည် လွန်ခဲ့သည် ၂ နှစ်နီးပါးခန့် က စိတ်ကျန်းမာရေးချို့ယွင်း မှုကြောင့် ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံတွင် တက်ရောက်ကုသခဲ့ဖူးပြီး လက်ရှိတွင်လည်း ဆေးများသောက်သုံးနေရသေးကြောင်းမိသားစုဝင်များထံမှသိရသည်။

"သူကို့ လွတ်လပ်ရေးပွဲတော်ကင်းစောင့်တာဝန်ချထားတာပါ။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲစည်းကမ်းဥပဒေများနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု အမှတ် ၃ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

No comments: