Tuesday, October 4, 2016

အသံချဲ့စက်ကြိုး ဆွဲဖြုတ်သည့် ဟော်လန်နိုင်ငံသား အမှုအား စွဲချက်တင်သင့်ကြောင်း တရားရုံးဆုံးဖြတ်


Posted: October 4, 2016

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ ရပ်ကွက်ရှိ သုစရိတဓမ္မာရုံအတွင်း ၀င်ကာ အသံချဲ့စက်မိုက်ကြိုးများ ဆွဲဖြုတ်ခဲ့သည့်အတွက် တရားစွဲဆိုခံထားရသည့် နယ်သာလန် နိုင်ငံသား အမှုအား အောက်တိုဘာ ၄ ရက်က စွဲချက်တင်သင့်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့က မဟာအောင်မြေ မြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

 

အဆိုပါ နယ်သာလန် နိုင်ငံသားအား ရာဇသတ်ကြီးပုဒ်မ ၂၉၅ နှင့် မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးစီးအရာရှိက မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၄) ၂/၁၃ (၁)ဖြင့် တရားစွဲဆိုထားသည့်အပေါ် စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်ပြီး အမှုအား ဆက်လက်စစ်ဆေးခြင်းဖြစ်သည်။

 

ထို့သို့ ဆက်လက်စစ်ဆေးရာတွင် တရားစွဲဆိုခံရသူ နယ်သာလန်နိုင်ငံသားဘက်မှ ၄င်း၏အမျိုးသမီး၊ ၄င်း၏ မိတ်ဆွေတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်း တစ်ဦးအား သက်သေအဖြစ် ထွက်ဆိုရန် တင်ပြထားခဲ့ပြီး ယနေ့တွင် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း မန္တလေးမြို့ စိမ်းရောင်စိုအဖွဲ့မှ ဦးအေးလွင်က ပြောသည်။

 

နယ်သာလန်နိုင်ငံသားမှာ အသက် ၃၀ နှစ်အရွယ် Mr. KLAAS HAYTEMA ဖြစ်ပြီး အခင်းဖြစ်ရာ အနီးရှိ FOUR RIVERS တွင် တည်းခိုနေခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ ဓမ္မာရုံတွင် အသံချဲ့စက်ဖွင့်၍ ဝတ်ရွတ်နေစဉ် ၎င်းက ဝင်ရောက်ပြီး အသံချဲ့စက်မိုက်ကြိုးများကို ဆွဲဖြုတ်ကာ ပြန်ထွက်သွားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေရဲစခန်းသို့ ဓမ္မာရုံမှ အကြောင်းကြား ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရပ်ကွက်လူထုက ၎င်းတည်းခိုနေသော ဟိုတယ်ရှေ့တွင် လူစုဝေးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ယင်းနိုင်ငံခြားသားအား တည်ဆဲဥပဒေအရ အရေးယူမည်ဟုဆိုကာ အိမ်သို့ပြန်ရန် သက်ဆိုင်ရာ အာဏာပိုင်များက လူစုခွဲခဲ့ရခြင်းများရှိကြောင်း သတင်းစာအချို့တွင် ဖော်ပြချက်အရ သိရသည်။

 

စိုင်းဟန်

The Ladies News

No comments: