Sunday, October 30, 2016

ဇီကာပိုးကာကွယ်ရေး ခြင်ရှင်းလင်းဖို့ အဓိကလိုအပ်

 

ဇီကာပိုးဖြစ်စေတဲ့ ခြင်ဇီကာ ကူးစက်ရောဂါ မြန်မာနိုင်ငံမှာ စတင်တွေ့ရှိနေပြီဆိုပေမယ့် လူသေဆုံးတဲ့ အထိ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်သလို၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အထိန့် တလန့် ကြောက်ရွံ့နေစရာမလိုဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ေ နတဲ့ နိုင်ငံခြားသူ အမျိုးသမီးတဦး ဇီကာရောဂါ ကူးစက်ခံရကြောင်း ကျန်းမာရေး ဌာနက အတည်ပြုခဲ့ပြီးနောက် ကိုယ်ဝန်ဆောင်မိခင်တွေကြား စိုးရိမ်မှုကြီး ထွားနေ ချိန်မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ဇီကာကူးစက်ရောဂါအန္တရာယ် စိုးရိမ်နေကြတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ ခြင်ကိုက်မခံရအောင် ဂရုစိုက်ကြဖို့ ကျန်းမာရေး အာဏာပိုင်တွေက သတိပေးနှိုးဆော်ထားသလို၊ ဒီ ဇီကာပိုးဟာ လူသေဆုံးတဲ့အထိ စိုးရိမ်ရတာမျိုး မဟုတ်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အထိန့်တလန့် ကြောက်ရွံ့နေ စရာမလိုဘူးလို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာေ အာင်သူက ပြောပါတယ်။

“ ဇီကာရောဂါသည် အခြား မားစ်ရောဂါတို့လို ဆားစ် ရောဂါတို့လိုမျိုး သေဆုံးမှုနှုန်း က Nearly Zero ပါခင်ဗျ။ ကျန်တဲ့ဟာတွေလိုမျိုး မများ ပါဘူးခင်ဗျ။ ဆားစ် ဆိုလို့ရှင် ၁၀% ရှိမယ်ပေါ့နော်၊ နောက် အီဘိုလာဆိုလို့ရှိရင် ၇၀ ကနေ ၈၀% လောက် ရှိ တာပေါ့။ ခု ဇီကာရောဂါကတော့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိပါဘူး။ တကယ်စိုးရိမ်စရာ ရှိတယ်ဆိုတာကလဲ ဒီကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ခဲ့မယ်ဆိုရင် ဦးနှောက် သေးတဲ့ ကလေးလေးတွေ၊ ဦးခေါင်းသေး ကလေးလေးတွေ မွေးဖွားနိုင် တယ်ပေါ့။ အဲဒါကလဲ ဇီကာဗိုင်းရပ်စ်ပိုးရှိတဲ့ ကိုယ်ဝန်ဆောင် တိုင်းမှာ မွေးဖွားတာ မဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် အရမ်းကြီး စိတ်ပူစရာ မလိုပါဘူး၊ အဓိကတော့ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ခြင်ကိုက် မခံရအောင် နေရင် ဒါအကောင်းဆုံးပါပဲ ”

ဒီလိုသတိပေးပြောကြားတာရှိပေးမယ့် စိုးရိမ်စိတ်တွေကတော့ ရှိနေတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တဦးဖြစ်တဲ့ ရန်ကုန်မြို့က မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ အခုချိန်မှာ ကိုယ်ဝန်ကလဲ ၅ လဆိုတော့ တော်တော်ရင့်နေပြီ ဆိုတဲ့အချိန်ပေါ့နော်။ အဲဒီလို အချိန်မျိုးမှာ ဇီကာဗိုင်းရပ်စ် အကြောင်းကို ကြားရတဲ့ အခါကျတော့ .. ဒါက ကလေးရဲ့ ဘ၀တလျှောက်လုံးနဲ့လည်း တိုက်ရိုက် သက်ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွ က်ကြောင့်၊ ပြီးတော့ ဒါ ကိုယ်ဝန်ဆောင်မိခင်တိုင်း ကလေးတိုင်းမှာ ထိခိုက်နိုင်တဲ့ အနေအထား ရှိတယ်ဆိုတော့ ရေရှည်ဆိုးကျိုး ဖြစ်သွားနိုင်တဲ့ ရောဂါပိုးဆိုတာ သိရ တဲ့အခါကျတော့ ကျမတော်တော်လဲ စိုးရိမ်ပါတယ်။ တော်တော်လဲ ကြောက်ရွံ့ ပါတယ် ”

ကိုယ်ဝန်ဆောင်မိခင်တွေ ခြင်ကိုက်မခံရအောင် ဂရုစိုက်ဖို့ သတိပေးထားပေမယ့် အကယ်၍ ခြင်အကိုက်ခံရရင် ဘယ်လို အကာအကွယ်ပေး မှာလဲဆိုတဲ့ စိုးရိမ်မှုတွေ ကလည်း ရှိနေတာပါ။ ကျန်းမာရေးဌာနက လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးေ ဒါက်တာအောင်သူက ခုလိုပြော ပါတယ်။

“ အခုလက်ရှိကတော့ ကိုယ်ဝန်ဆောင် မိန်းမတွေ ခြင်ကိုက်မခံရဖို့ရယ် ဒီဇီကာရော ဂါ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ အနီစက်ထွက်ခြင်း နောက် မျက်စိနာခြင်း၊ နောက် အာသရိုက်တစ် အရိုးအဆစ် ကိုက်ခဲခြင်းပေါ့ .. အဲလိုမျိုးတွေ ဖြစ်လာမယ်ဆိုရင် လာရောက် သတင်းပေးပို့ ဖို့ပေါ့။ သူတို့ကိုတော့ မီဒီယာကနေတဆင့်တော့ မနေ့ က ပြောကြားလိုက်ပါတယ်။ အဓိက ခြင်နှိမ်နင်းရေး လုပ်ငန်းတွေပေါ့၊ ကိုယ်ဝန်ဆောင် ကတော့ အဓိက ခြင်ကိုက်မခံရဖို့ … ကျနော်တို့ ခြင်နှိမ်နင်းရေး လုပ်ငန်းတွေကို အခုဆောင်ရွက်နေရာ ကနေပြီးတော့ အားဖြည့်ပြီးဆောင် ရွက်နေ ပါတယ် ခင်ဗျ”

အရင်အစိုးရလက်ထက်တွေက ခြင်နှိမ်နင်းရေးတွေ လုပ်ခဲ့တာရှိပေမယ့် ထိရောက်မှု မရှိဘူးလို့ မဖြိုးဖြိုးအောင်က ပြောပါတယ်။

“ အရင်တုန်းကလဲ ခြင်နှိမ်နင်းရေး လုပ်တာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ အစိုးရအဆက်ဆက်ပေါ့ အလုပ်တခု လုပ်တဲ့အခါမှာ အဖြစ်ပဲ.. အလုပ်ဖြစ်ပြီးရော ဆိုတဲ့အခါကျတော့ အဲဒီခြင်နှိမ်နင်းရေး စက်ထဲမှာ ဆေးက အပြည့်အဝ မပါဘူးတို့၊ ခြင်တော့ နှိမ်နင်းတယ် ဒါပေမယ့် ခြင်ပေါက်ဖွားမှုနှုန်း က လျော့မသွားဘူး၊ ခြင်တွေကလဲ လျော့မသွားဘူး။ အဲလိုဖြစ်တာ အရင်တုန်းက ကြုံဖူးတာ ရှိတယ်။ အခုက အသိပညာပေးမှု အပိုင်းမှာလဲ အားနည်းခဲ့တယ်လို့ ကျမမြင်ပါတယ် ”

မြန်မာနိုင်ငံမှာ ခြင်ကြောင့် သွေးလွန်တုတ်ကွေးဖြစ်တာတွေ ခုထိရှိနေတာကြောင့် တိုင်းနဲ့ပြည်နယ်တွေမှာ ခြင်နှိမ်နင်းရေးကို ကျန်းမာရေးဌာနက လုပ်ဆောင်နေေ ကြာင်း ဒေါက်တာအောင်သူကပြောပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုး ဖြစ်စေတဲ့ အေးဒီးဇ်ခြင်ကျား အကိုက်ခံရမှာကို အထူးသတိ ထားဖို့ သတိပေးထားပြီး မိမိပတ်ဝန်းကျင်ကရေကြွင်းရေကျန်မှာ ခြင်ကျားတွေ မပေါက်ဖွား ရအောင် “ဖုန်း၊ သွန်၊ လဲ၊ စစ်” ဆိုတဲ့နည်းနဲ့ သန့်ရှင်းရေးလုပ်ဆောင်ကြဖို့ တိုက် တွန်း ထားပါတယ်။ ဒါပေမယ့် ကိုယ်ဆောင်ဆောင် မိခင်တွေရဲ့ စိုးရိမ်မှုကို လျှော့ ချနိုင်ဖို့ ကျန်းမာရေး အသိ ပညာပေးချက်တွေ အခုထက်ပိုလုပ်ပေးသင့်တယ်လို့ ကိုယ်ဝန်ဆောင်မိခင် မဖြိုးဖြိုးအောင်က ထောက်ပြပါတယ်။

“ ခြင်ကိုက် မခံရရုံတင် မဟုတ်ဘူး၊ ကိုယ်ဝန်လအလိုက်ပေါ့ ဘယ်လိုအနေအထား မျိုး ဆိုရင်တော့ ဘယ်လောက်ထိ အန္တရယ်က ပိုကြီးတယ် စသဖြင့် တိတိကျကျ ကျန်းမာရေး ၀န်ကြီးဌာနဖက်က ထုတ်ပြန်ပေးနိုင်လို့ ရှိရင်တော့ မိခင်လောင်းတွေ စိုးရိမ်မှုက အတိုင်းတာ တခုထိ လျှော့ချနိုင် လိမ့်မယ်လို့ မြင်တယ် ”

ဦးနှောက်နဲ့ ဦးခေါင်းသေး ကလေးတွေ မွေးဖွားနိုင်တာကြောင့် ဇီကာပိုးအန္တရာယ် နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၂၈ ရက် နေပြည်တော်မှာ ကျင်းပခဲ့သလို၊ မြန်မာနိုင်ငံ အ၀င်အထွက် ဂိတ်တွေမှာ ဇီကာနဲ့ပတ်သက်ပြီး စောင့် ကြည့်စစ်ဆေးမှုတွေ လုပ်နေပါတယ်။

ကိုဉာဏ်ဝင်းအောင်/ဗွီအိုအေ (မြန်မာပိုင်း)

No comments: