Friday, October 28, 2016

ကိုယ်ဝန်ဆောင်များ ခြင်ကျား အကိုက်မခံရန် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက အထူး သတိပေး



ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ဦး ဇီကာရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)
နေပြည်တော်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

အင်္ဂါချို့ ယွင်းသည့် ဦးဏှောက်နှင့် ဦးခေါင်းသေး ကလေးငယ်များ မွေးဖွားစေသော ZIKA virus ရောဂါ မဖြစ်ရန် ကိုယ်ဝန်ဆောင် အမျိုးသမီးများ နေ့ လယ်ပိုင်း ခြင်ကျား အကိုက်မခံဖို့ အထူး သတိထားရမည်ဟု နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနတွင် ယနေ့ နံနက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ဦးက ပြောကြားသည်။
“ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကိုယ်ဝန်ယူဖို့ ကြံစည်နေတဲ့ ဇနီးမောင်နှံတွေ ခြင်ကိုက် မခံရအောင် နေဖို့  လိုပါတယ်၊ ZIKA ရောဂါပိုးကို သယ်ယူ ကူးစက်စေတာက ခြင်ကျားတွေပါ၊ ဒါကြောင့် ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနက ဆောင်ရွက်နေတဲ့ ပိုးလောက်လန်းနဲ့  ခြင်ကျား နှိမ်နင်းရေး လုပ်ငန်းတွေမှာ တစ်အိမ်ချင်းက ၀ိုင်းဝန်း ဆောင်၇ွက်ဖို့ လည်း လိုပါတယ်” ဟု ၎င်းက ပြောသည်။

ဇီကာ ဗိုင်းရပ်စ်ပိုးသည် ရောဂါ ကူးစက်သူ ငါးဦးတွင် တစ်ဦးကသာ ရောဂါ လက္ခဏာ ပြပြီး ကျန် လေးဦးတို့ မှာ ရောဂါ လက္ခဏာ မပြသော်လည်း အခြားသူများအား ရောဂါ ကူးစေနိုင်သဖြင့် ထိန်းချုပ်ရ ခက်သည့် ရောဂါ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ လောလောဆယ်မှာ နိုင်ငံခြား ခရီး မထွက်ဖို့ ၊ မဖြစ်မနေ ထွက်ရရင်လည်း အဲဒီနိုင်ငံမှာ ခြင်ကိုက် မခံရဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။
ZIKA ရောဂါပိုး ရှိသူနှင့် လိင်ဆက်ဆံရာတွင်လည်း ရောဂါ ကူးနိုင်သဖြင့် နိုင်ငံခြားမှ ပြန်လာသည့် အမျိုးသားများ အိမ်ထောင်ရှိပါက လေးလအတွင်း ကိုယ်ဝန် မယူရန်၊ သို့ မဟုတ် လိင်ဆက်ဆံရာတွင် အကာအကွယ် အသုံးပြုရန်လည်း ဒေါက်တာ စိုးလွင်ဦးက ဖြည့်စွက် ပြောခဲ့သည်။

ဇီကာရောဂါနှင့်ပတ်သက်၍ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအားတွေ့ရစဉ် (ဆင်ဟွာ)
ပြီးခဲ့သည့် နှစ်ရက်က ရန်ကုန်တွင် နေထိုင်သည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးတွင် ZIKA ရောဂါပိုးတွေ့ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိုအမျိုးသမီး သည် ရန်ကုန်တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့် ကတည်းက နေထိုင်ခဲ့သူ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်ပတ်အတွင်းက နိုင်ငံခြား ခရီးစဉ်တစ်ခု သွားခဲ့သဖြင့် ထိုရောဂါပိုးမှာ အခြားနိုင်ငံမှ ပါလာခြင်းဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။

“ ဒီ ၁၄ ရက် အတွင်းမှာ သူက ZIKA effective country တစ်ခုကို သွားထားခဲ့တော့ အဲဒီနိုင်ငံက ဒီရောဂါ ရလာတာပါ၊ အခုတော့ သူတို့ ဇနီးမောင်နှံ သူတို့ နေတဲ့ အိမ်မှာပဲ ပြန်နေပါတယ်၊ သူကိုယ်တိုင်က သွားသွားလာလာပဲ ဖြစ်လို့  သူ့ အိမ်မှာပဲထားပါတယ်၊ အပြင် မထွက်ဖို့ နဲ့ ညွှန်ကြားတဲ့ ဆေးတွေ ပိုမှန် သုံးစွဲဖို့ လည်း မှာထားပါတယ်၊ ဧရာဝတီတိုင်းဘက်ကိုလည်း သူတို့ ခရီးထွက်ခဲ့တာဆိုတော့ သူတို့ ရောက်ခဲ့တဲ့ မြို့ တွေမှာရော ရန်ကုန်မှာပါ ခြင်ကျားနှိမ်နင်းရေးနဲ့ ပညာပေး အစီအစဉ်တွေကို အားဖြည့် ဆောင်ရွက်နေ ပါတယ်” ဟုလည်း ၎င်းက ရှင်းပြသည်။
ထိုဇနီးမောင်နှံ မည်သည်နိုင်ငံက ပြန်လာသည်၊ ရန်ကုန် မည်သည့်နေရာတွင် နေထိုင်သည်၊ ဧရာဝတီတိုင်း မည်သည့် မြို့ များသို့ သွားရောက်သည် ဆိုသည့် အချက်များကိုမူ international Health Regulations အရ မဖြေကြားနိုင်ပါကြောင်း၊ မလိုအပ်ဘဲ အများ ပြည်သူ ထိတ်လန့် ကြောက်ရွံ့ မှုများ မဖြစ်ရေး၊ ကာယကံရှင် ဝေဒနာသည် ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိရေးအတွက် ဖြေကြား၍ မရကြောင်းလည်း ၎င်းက မီဒီယာသို့ ရှင်းပြခဲ့သည်။

ZIKA ရောဂါသည် ကြက်ငှက် တုပ်ကွေး၊ ဆားစ်၊ အီဘိုလာ တို့ ကဲ့သို့  စိုးရိမ်စရာ ရောဂါမျိုး မဟုတ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ရင်သွေးငယ် အင်္ဂါ မချို့ ယွင်းရေးအတွက် အရေးကြီးလှ သဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ နေ့ လယ်ပိုင်း ခြင်ကျား အကိုက်မခံဖို့ အထူး သတိထားရမည် ဖြစ်ကြောင်း သိရသည်။ ယခင်က ZIKA ရောဂါ တွေ့ ရှိသည့် နိုင်ငံ ၇၂ နိုင်ငံရှိခဲ့ပြီး ယခု မြန်မာနိုင်ငံနှင့်ဆိုလျှင် ၇၃ နိုင်ငံ ရှိလာပြီဖြစ်သည်။

(Xinhua)

No comments: