Tuesday, October 4, 2016

တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲ ဆက်ဖြစ်


Posted: October 4, 2016

အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ရှမ်းမြောက်ဒေသရှိ KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူ၏ ပြောပြချက်အရ သိရသည်။

 

၎င်းက “ဟုတ်ကဲ့၊ လိုင်ဇာပတ်ဝန်းကျင်မှာတော့ ဒီနေ့ ညနေပိုင်းအထိ တိုက်ပွဲသတင်းတွေ ထူးတာတော့မရှိပါဘူး။ တိုက်ပွဲကမရှိဘူး လို့ ပြောလို့ရတယ်။ ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်ရင်း ၃၇၊ ၃၈ ဘက်မှာတော့ ဒီမနက် ၈ နာရီ ၄၀ မိနစ်လောက်မှာမှာ ကောင်းဆက် မာန်ဂျေရွာနားမှာ တိုက်ပွဲဖြစ်တယ် သတင်း ကြားပါတယ်။ အဲ့ဒီသတင်းကို အတည်ပြုသတင်းတော့ မရသေးပါဘူး” ဟု ဒုတိယ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာလ ၄ ရက်နေ့တွင် ပြောသည်။

 

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အရှေ့မြောက်ဘက် မိုင် ၂၀ ကျော် မာန်ဂျေ(Manje) ကျေးရွာ အနီး ကောင်းဆက်ဘန် (Kungsa Bum)တောင်ရှိ အစိုးရ တပ်မ ၉၉ စစ်ကြောင်းနှင့် KIA တပ်မဟာ (၆) တပ်ရင်း (၂) တပ်ဖွဲ့ကြား နံနက် ၈ နာရီကျော်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး ဆက်သွယ်မေးမြန်းချိန်အထိ တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း ကချင်သတင်းဌာန ဖော်ပြချက်အရ သိရသည်။

 

အဆိုပါတိုက်ပွဲ မတိုင်ခင် ကချင်ပြည်နယ်တွင် သြဂုတ်လမှ စပြီး အစိုးရတပ်များမှ မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို ခံနေရသည့် KIA တပ်ရင်း (၃) Lai Hpawng Bum စခန်းအား အောက်တိုဘာ နံနက် ၄ နာရီနှင့် ၅ နာရီကြား အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုများ ရှိသည်ဟု KIA ရှေ့တန်းက ပြောထားကြောင်း ဖော်ပြထားသည်။

 

စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ပြီးခဲ့သည့် ရက်ပိုင်းအထိ အစိုးရတပ်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာနချုပ် နယ်မြေ၏ လုံခြုံရေးအရ အရေးပါသည့် တပ်စခန်းများကို ဂျက်လေယာဉ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။ ၂၁ ပင်လုံ ပြီးစီးချိန်မှ စတင်ပြီး ကေအိုင်အေနှင့် တပ်မတော်တို့အကြား ကချင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားနေ ကာ နှစ်ဖက် အသေအပျောက်လည်း ရှိခဲ့သည်။

 

ယင်းအပြင် အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီခန့်က မုန်းကိုးမြို့နယ်၊ ပူဝန်ကျေးရွာ (ဖောင်းဆိုင် ရဲ့ အရှေ့ဘက်) အတွင်း လက်နက်ကြီးကျည်ဆံ ကျခဲ့သည့်အတွက် ရွာသားကလေးငယ် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ခြင်းများရှိကြောင်း မီဒီယာများက ဖော်ပြပြီး တပ်မတော်မှ ပစ်ခတ်မှုဖြစ်သည်ဟု ကချင်အသိုင်းဝိုင်းမှ စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

 

စိုင်းဟန်

The Ladies News

No comments: