Saturday, October 1, 2016

လေထုညစ်ညမ်းမှုတွင် မြန်မာ ထိပ်တန်းရောက်နေ

မြန်မာနိုင်ငံ၏ လေထုသည် အသက်ရှူရန် အန္တရာယ်ရှိစေသည့်အပြင် ကမ္ဘာ့အဆိုးဝါးဆုံး စာရင်းတွင် ပါဝင်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အချက်အလက်သစ်များတွင် ဖော်ပြသည်။

အဆောက်အအုံပြင်ပ လေထုအရည်အသွေးနှင့် ပတ်သက်၍ WHO ၏ အပြည့်စုံဆုံး အချက်အလက်များ အရ မြန်မာနိုင်ငံတွင် လုံးဝ အန္တရာယ်ကင်းရှင်း သန့်စင်သည့် လေထုရှိသည့် နေရာဒေသ အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။ လေထုညစ်ညမ်းမှု ဆိုးဝါးစွာ ဖြစ်ပေါ်နေသည်ဟု ဖော်ပြခံရသည့် တရုတ်၊ အိန္ဒိယ တို့နှင့် မြန်မာနိုင်ငံမှာ အလွန်နီးစပ်လျက်ရှိသည်။

WHO ၏ လေထုညစ်ညမ်းမှုစာရင်းတွင် လေထုအတွင်း သတ်မှတ်ပမာဏအထက်ရှိ အမှုန်များ၏ ပါဝင်မှုကို တိုင်းတာ ဖော်ပြထားခြင်း ဖြစ်သည်။ ပါဝင်မှုနှုန်း သတ်မှတ်ချက် ၁၀ နှင့်အောက်ကို အန္တရာယ်ကင်းသည့် လေထုအဖြစ် သတ်မှတ်ထားပြီး ၇၀ နှင့်အထက်ကို အလွန်အန္တရာယ်ရှိသည့် ညစ်ညမ်းလေထုအဖြစ် သတ်မှတ်ထားသည်။ WHO ၏ စာရင်းအရ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုနှင့် သက်ဆိုင်သည့် ရောဂါများကြောင့် နှစ်စဉ် လူ ၂၂၀၀၀ ခန့် သေဆုံးနေရသည်ဟု ဆိုသည်။ ထိုပမာဏမှာ ဒေသတွင်းတွင် လူဦးရေ အချိုးအစားအရ တတိယအမြင့်ဆုံး နှုန်းဖြစ်ပြီး သေဆုံးနှုန်းအမြင့်ဆုံး နိုင်ငံမှာ အိန္ဒိယ ဖြစ်သည်။

“လေထု ညစ်ညမ်းမှုသည် ကျန်းမာရေးအတွက် အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်သည်” ဟု WHO အစီရင်ခံစာ တွင် ပြတ်ပြတ်သားသား ဖော်ပြ ထားသည်။ WHO ၏ မြန်မာနိုင်ငံရုံးမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းစေသည့် အဓိက အကြောင်းရင်းများ၌ ပို့ဆောင်ရေးစနစ်များ ထိရောက်မှုမရှိခြင်း၊ အမှိုက်မီးရှို့ခြင်းနှင့် ကျောက်မီးသွေးသုံးစက်ရုံနှင့် စက်မှု လုပ်ငန်း များကြောင့် ဖြစ်သည် ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ၉၅ ရာခိုင်နှုန်းနှင့် မြို့ပြဒေသ ၈၁ ရာခိုင်နှုန်း လောင်စာအဖြစ် ထင်း၊ မီးသွေး ကဲ့သို့ အခဲလောင်စာများအသုံးပြုနေသည်ဟု ထိုတာဝန်ရှိသူက ပြောကြားသည်။

KHTun

The Ladies News

No comments: