Thursday, March 13, 2014

တကယ်ကောင်း ပေမယ့် အွန်လိုင်းပေါ် ရောက်မှ ပေါတောတော ဖြစ်သွား ရတဲ့ စကားလုံး တစ်လုံး ရှိတယ်။ "မင်းတိုင်းပြည် အတွက် ဘာလုပ်ပေးပြီး သွားပြီလဲ"တဲ့။ အမေရိကန် သမ္မတ ကနေဒီ ပြောခဲ့ဖူးတဲ့ " ask not what your country can do for you, ask what you can do for your country" ဆိုတဲ့ စကားကနေ ဆင်းသက် လာတယ်လို့ ယူဆရပါတယ်။ ဒီစကားလုံးကို အခု အွန်လိုင်းမှာ ဘယ်လိုလူတွေ သုံးနေကြသလဲ ဆိုတော့ အစိုးရကို ဝေဖန်တာ မကြိုက်တဲ့ သူတွေ၊ အတိုက်အခံကို ကြည့်မရတဲ့ သူတွေ၊ anti-democracy သမားတွေ အဓိက သုံးကြတာ များတယ်။ သူတို့ ဆိုလိုတာက အလုပ်လုပ်နေတဲ့ လူတွေကို မဝေဖန်ကြနဲ့။ မင်းတို့ရော ဘာလုပ်ပေး လို့လဲ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောချင်တာပါ။ တိုင်းပြည်အတွက် ဘာလုပ်ပေးသလဲ ဆိုတဲ့ မေးခွန်းက တကယ် အတည်မေး လာရင် ဖြေဖို့ ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်လုပ်ခဲ့တာ တကယ်ပြန်ဖြေ ရင်လည်း ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လို့ ကဲ့ရဲ့ ခံရဦးမယ်။ မဖြေပြန်ရင်လည်း ဘာမှ လုပ်မပေး ခဲ့ဘူးလို့ ထင်ချင်စရာ ရှိပြန်တယ်။ တိုင်းပြည်အတွက် ဘာလုပ်သလဲ ဆိုတာကို ဘာနဲ့ တိုင်းတာသလဲ။ သမ္မတတို့ ၀န်ကြီးတို့ ဖြစ်တာနဲ့ တိုင်းပြည်အတွက် အလုပ်လုပ် ပေးတယ်လို့ ပြောလို့ ရသလား။ အစိုးရ ၀န်ထမ်း ဖြစ်မှ တိုင်းပြည်အတွက် လုပ်တာလား။ အစိုးရကို ဝေဖန်တဲ့ အတိုက်အခံက တိုင်းပြည်အတွက် ဘာမှ မလုပ်တဲ့သူလား။ ဒီအတွက် အဖြေကို စဉ်းစားကြည့် မိတယ်။ လူတစ်ယောက်ဟာ သူလုပ်တဲ့ အလုပ်အတွက် ပြန်ရတဲ့ တန်ဖိုး တစ်ခု ရှိတယ်။ ကိုယ်လုပ်တဲ့ အလုပ်ဟာ တိုင်းပြည် အတွက် အကျိုးရှိပေမယ့် ဒီအတွက် ပြန်ရတဲ့ ခံစားခွင့်က ထိုက်တန်တယ် ဆိုရင် ဒါဟာ တိုင်းပြည်အတွက် လုပ်ပေးတယ်လို့ ယူဆလို့ မရဘူး။ ၀န်ကြီးတစ်ယောက် တိုင်းပြည် တာဝန် ထမ်းဆောင် နေတယ် ဆိုပေမယ့် သူ့ရဲ့ပိုင်ဆိုင်မှုဟာ ထီပေါက်၊ အမွေရ၊ မိန်းမ ဘက်က ပါတာ မဟုတ်ဘဲနဲ့ မဟားဒယား များနေတယ်ဆိုရင် ဒါဟာ ကိုယ်ကျိုး ရှာတာပဲ။ တစ်ဘက်က ကြည့်ရင်လည်း တိုင်းပြည် ကောင်းဖို့ ဝေဖန်လို့၊ မတရားတဲ့ အစိုးရကို ကန့်ကွက်လို့ ထောင်ကျ တန်းကျနဲ့ ဒုက္ခဆင်းရဲ ခံခဲ့ရသူကို တိုင်းပြည်အတွက် ဘာမှ မလုပ်ပေးဘူး ပြောလို့ မရပြန်ဘူး။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တိုင်းကို အပေါင်းနဲ့ အနုတ် အချိုးချကြည့်။ တိုင်းပြည် အတွက် ကောင်းမယ့် အလုပ်တွေ၊ ဒုက္ခ ခံခဲ့ရတာတွေကို အပေါင်း၊ ကိုယ်ရတဲ့ အခွင့်အရေး ခံစားခွင့်တွေကို အနုတ်လို့တွက်။ အနုတ်တွေ အလွန်အကျွံ မပြနေသရွေ့ ကိုယ်ဟာ တိုင်းပြည်ကို ချောက်ထဲ ဆွဲချသူ စာရင်းမှာ မပါသေးဘူးလို့ ယုံကြည်လိုက်။ ဒီလိုပဲ တိုင်းပြည်အတွက် လုပ်ရင်း ဒုက္ခ ရောက်ခဲ့ တာတွေက ပြန်ရခဲ့တဲ့ အခွင့်အရေးနဲ့ စာရင် မတန်တဆ များတယ် ဆိုရင်တော့ သူဟာ တိုင်းပြည် ကောင်းကျိုး ဆောင်ရွက်တဲ့ သူပဲ။ မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလတစ်လျှောက် ဘယ်အစိုးရ ၀န်ထမ်းမှ တရားဝင် လစာနဲ့ ခံစားခွင့် သူဌေးဖြစ်လောက်အောင် မရဘူး။ ဒါကိုမှ ကျိကျိတက် ချမ်းသာနေတဲ့ အစိုးရ ၀န်ထမ်း သူဌေးကြီးတွေ ရိုက်သတ် မကုန်အောင် ပေါများနေတော့ ဒီနိုင်ငံ မမွဲရင် ဘယ်နိုင်ငံ မွဲတော့မလဲဗျာ။ ဇင်သော်နိုင်

No comments: