Saturday, March 22, 2014

စစ်ထဲရောက်နေတဲ့ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ဆုံဖြစ်တယ်။ သူက တော်တော်တော့ ရာထူးကြီးကြီး ဖြစ်နေပါပြီ။ အေးအေးဆေးဆေး စကားပြောဖြစ် ကြတော့ သူက မကျေနပ်တာတွေ ပွင့်ပွင့်လင်းလင်း ပြောလာပါတယ်။ သူပြောတာတွေ အတိုချုပ်ပြောရရင် လက်ရှိမှာ မီဒီယာတွေရော၊ အရပ်သားတွေကပါ စစ်တပ်ကို မကောင်း မြင်နေကြောင်း၊ အရင် စစ်အစိုးရ ခေတ်က စစ်ဗိုလ်ချုပ်တွေ မမှန်မကန် လုပ်ခဲ့တာတွေကို မငြင်းလိုကြောင်း၊ ဒါပေမယ့် လက်ရှိ အချိန်မှာ အဲဒီ စစ်ဗိုလ်ချုပ် တွေကပဲ အရပ်ဘက်ကို ပြောင်းပြီး ပြုပြင် ပြောင်းလဲရေး ၀ါဒီတွေ အဖြစ် နာမည်ကောင်း ယူနေကြကြောင်း၊ စစ်တပ်ကတော့ နာမည်ပျက်ပြီး ကျန်ခဲ့ကြောင်း၊ လက်ရှိ စစ်တပ်မှာ အရင်ကလို အကြံအဖန်တွေ လုပ်ဖို့ မလွယ်တော့ကြောင်း၊ စစ်တိုင်းမှူး အဆင့်လောက် နဲ့တောင် ဘာအခွင့်အရေးမှ လောက်လောက် လားလား မရှိတော့ကြောင်း ရင်ဖွင့် လာပါတယ်။ ကျွန်တော်က သူ့ကို အင်ဒိုနီးရှား နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။ အင်ဒိုနီးရှား စစ်တပ်ဟာလည်း တစ်ချိန်က ဆူဟာတိုရဲ့ လက်ကိုင်တုတ် အာဏာရှင် စစ်တပ် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေး ကာလမှာ စစ်တပ်ဟာလည်း မူဝါဒ အပြောင်းအလဲတွေ လုပ်ခဲ့တယ်။ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ်တာနဲ့ အရပ်သား ကာကွယ်ရေး ၀န်ကြီး ခန့်အပ်တာကို လက်ခံခဲ့တယ်။ သူတို့မှာလည်း ယခင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်ထဲမှာ စစ်သား အမတ်တွေ ထည့်ခဲ့ပေမယ့် အဲဒီ အရေအတွက် တဖြည်းဖြည်း လျှော့ချပစ်ခဲ့ပြီး အခုဆိုရင် အရပ်သားတွေချည်း ပါဝင်တဲ့ လွှတ်တော် ဖြစ်နေပြီ။ အစိုးရ ၀န်ထမ်းတွေ ကိုလည်း ဂိုကာ ပါတီ (အခု ကြံ့ခိုင်ရေး ပါတီနဲ့ အလားတူ) အပြင် ဘယ်ပါတီကိုမဆို ၀င်ခွင့်ပေး ခဲ့တယ်။ ရွေးကောက်ပွဲ မှာတောင် ကြားနေ အဖြစ်နဲ့ နေပြီး Free and fair ဖြစ်အောင် လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့ အင်ဒို စစ်တပ်ဟာ သူတို့ရဲ့ အရိပ်ဆိုးကြီးကို သူတို့ကိုယ်တိုင် ချေဖျက်ပစ်နိုင်ခဲ့တယ်။ ဒီလိုပဲ မြန်မာနိုင်ငံ မှာလည်း စစ်တပ်ဟာ နာမည်ဆိုးကို ချေဖျက်ချင်ရင်၊ စနစ်ဆိုးရဲ့ သားကောင် ဖြစ်ခဲ့ရတာကို ပြချင်ရင် အဓိက လုပ်ရမှာက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထောက်ခံဖို့ပဲ။ လွှတ်တော်ထဲမှာ စစ်တပ်ရဲ့ လုပ်ပိုင် ခွင့်တွေကို ကန့်သတ်ဖို့၊ စစ်သား အမတ်တွေ လျှော့ချဖို့ လှုပ်ရှားမှု တွေကို အားတက်သရော ပံ့ပိုးပေးရမယ်။ လက်ရှိ အာဏာရ အစိုးရ အဖွဲ့ဝင် အများစုဟာ စစ်တပ်ကို နာမည်ပျက်အောင် လုပ်ခဲ့တဲ့ စစ်အာဏာရှင် ဟောင်းတွေ ဖြစ်လို့ သူတို့ လုပ်ပုံ မမှန်ကန်တာတွေ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ဝေဖန် ရမယ်။ လက်ရှိ စစ်တပ်ဟာ အရင်လူတွေနဲ့ တကျိတ်တည်း တဥာဏ်တည်း မဟုတ်ဘူး ဆိုတာကို ပြနိုင်ရမယ်။ အရပ်သား စစ်စစ်တွေ လက်ထဲ အာဏာရအောင် တတ်စွမ်းသမျှ ကူညီပေးရမယ်။ အရေး အကြီးဆုံးက စစ်တပ်ဆိုတာ စစ်တန်းလျားမှာ ရှိနေမှ လူမှန် နေရာမှန် ဖြစ်မယ်။ အရင် စစ်အာဏာရှင်တွေနဲ့ မတူတော့ ပါဘူးလို့ ဘယ်လောက်ပဲ အော်နေနေ အဲဒီ လူတွေ လုပ်ပေးထားခဲ့တဲ့ အခွင့်အရေး တွေကို မှိန်းပြီး ယူနေသမျှတော့ ဒီပုတ်ထဲက ဒီပဲတွေ ဖြစ်နေဦးမှာပဲ။ အရင်လူတွေ လုပ်ခဲ့သလိုမျိုး အတိုက်အခံတွေကို ဝေဖန် အပုတ်ချပြီး ကိုယ့်ကိုယ်ကို အမွှန်းတင် နေသမျှ ကာလပတ်လုံး ဘယ်တော့မှ ပြည်သူနဲ့ တသားတည်း မကျနိုင်ဘူး။ ပါတီ နိုင်ငံရေးမှာ စစ်တပ်က ကြားနေ အဖြစ်နဲ့ မှန်မှန်ကန်ကန် နေနိုင်ရမယ်။ ငါပြောတဲ့ အချက်တွေကို လုပ်နိုင်မယ် ဆိုရင် မင်းတို့ စစ်တပ်ကို မကောင်းမြင် ချင်ပါတယ် ဆိုရင်တောင် မြင်စရာ နေရာ ရှာတွေ့မှာ မဟုတ်ဘူးလို့ သူ့ကို ပြောပြလိုက် ပါတယ်။ သူကလည်း တစ်ဖက်ပိတ် မစဉ်းစားတဲ့သူ၊ အကျိုးသင့် အကြောင်းသင့် တွေးတတ်တဲ့ လူမျိုးဆိုတော့ ကျွန်တော် ပြောတာ အပြည့်အ၀ လက်ခံခဲ့ ပါတယ်။ သူ့ရာထူး အဆင့်က စနစ်ကြီး တစ်ခုလုံးကို ပြောင်းနိုင်တဲ့ အဆင့်မျိုး မဟုတ်တဲ့ အတွက် ထိရောက်မှု ကတော့ သိပ်မများ နိုင်ဘူး။ ဒါပေမယ့် စစ်သား တစ်ဦးချင်း တစ်ယောက်ချင်း တိုင်းမှာ ဒီလို အတွေးမျိုး ရှိခဲ့ရင် Institution တစ်ခုလုံး ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်စရာ မရှိဘူးလို့ ယူဆပါတယ်။ ဇင်သော်နိုင်

No comments: