Sunday, March 30, 2014

""""သူရဲကောင်းစိတ် မမွေးနိုင်မချင်း""" ပညာရေးစနစ် ပြင်ဖို့ထက် ပညာရေးစနစ် လွတ်လပ်ခွင့် ကို တည်ဆောက်ရမှာ ဘယ်ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေကများ အစိုးရ တက္ကသိုလ်၊ အစိုးရကျောင်းကြီးတွေ ဖြစ်နေသလဲ သေချာလေ့လာပါဦး။ အစိုးရ ဆိုတာ ပါလာရင် ပညာရေး ဆိုတာ လွတ်လပ်ခွင့် မရှိတော့ဘူး။ ဆရာတက္ကသိုလ်ဘုန်းနိုင် က ရေးခဲ့တယ်။ သူတက်ခဲ့တဲ့ တက္ကသိုလ်မှာ ဒဿနိကဗေဒ သင်တော့ ဆရာကို ကျောင်းသားတယောက်က ထ ဝေဖန်တယ်။ ခင်ဗျားသင်နေတာတွေဟာ ဒဿနိကဗေဒ ကို သေးသိမ်စေတယ်။ ကျဉ်းမြောင်းစေတယ် တဲ့။ ဒီတော့ ဆရာက ငါ့အတန်းမှာ ငါသင်ချင်သလို သင်မယ်၊ မင်းမကြိုက်ရင် ထွက်သွားပါ တဲ့။ ဒီတော့ ကျောင်းသား က ထွက်သွားတယ်။ ကျောင်းကကို ထွက်သွားတာ။ ဌာနက လဲ ဆရာဘက်ကပဲ ရပ်တည်တာကိုး။ ဒါပေမယ့် အဲဒီကျောင်းသား ကို တခြားတက္ကသိုလ်တခု က ဂုဏ်ယူစွာနဲ့ သူတို့တက္က သိုလ်မှာ လာတက်ဖို့ ဖိတ်ကြားခဲ့တယ် တဲ့။ သင်ကြားမှု ဆိုတာ ဒါ ဆို ဒါပဲ ဒါပဲမှတ် လို့ တခုထဲ၊ တသံထဲ၊ တမြင်ထဲ၊ တညီထဲ သင်ခံနေရသရွေ့၊ ဘာသာရပ်တိုင်း အဲဒီလို ပြဋ္ဌာန်းနေသရွေ့ ခင်ဗျားတို့ ကျနော်တို့ လူ့အဖွဲ့အစည်း ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူး။ ခု လုပ်နေတာက ပညာရေးစနစ် ကို ပြင်ဖို့ သင်ရိုးညွှန်းတမ်းကို ပြင်ဖို့ လုပ်နေတာ။ အဲဒါကိုက လွဲနေတယ်။ သင်ချင်သလို သင် ခွင့် ကို ပေးရမှာ။ ဟိုးမူလတန်း အခြေခံကတည်းက ထမင်းဘူး ကို ဖွင့်ကြည့်ပြီး ကုန်းပေါ်က အရာတွေက ဘာလဲ ရေပေါ်က အရာတွေက ဘာလဲ လို့ သင်ပေးတတ်တဲ့ တော့တိုးချန်တက်ခဲ့တဲ့ ကျောင်းမျိုးလေးတွေ ပေါ်လာဖို့ လုပ်ရမှာ။ ခု သင်ရိုးညွှန်းတမ်းဆွဲနေတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများကို တော့တိုးချန် ကို ဖတ်ခိုင်းပါ။ ဒါဆို မဟုတ်က ဟုတ်ကတွေပါ သင်ကုန်တော့မပေါ့ လို့ မစိုးရိမ်ပါနဲ့။ အချိန်တန်ရင် နိုင်ငံတကာ ကို ယှဉ်ရမှာ။ အဲဒီလို သင်တဲ့ကျောင်း၊ သင်ခံရတဲ့ကျောင်းသား လူတောမတိုးတော့ဘူး။ ခု အစိုးရကျောင်းတွေမှာ ဇွတ်အတင်း သင်ချင်သလို သင်တော့ နိုင်ငံတကာကို မြန်မာကျောင်းသားတွေ တိုးရခက်သလို နေမှာပဲ။ ရ အောင်တိုးတော့ ခက်ခဲစွာနဲ့ တိုးရတယ်။ ၁၀ နှစ်ကျော်၊ ၁၅ နှစ် သင်ခံထားရတာတွေကို ပြောင်းရတယ်။ ကျနော်တို့ လိုတာ ပညာရေးလွတ်လပ်ခွင့်ပါ။ ပညာရေးပြင်တယ် ဆိုတာထက် ပညာရေးလွတ်လပ်ခွင့်ပေးဖို့သာ လိုတယ် လို့ ကျနော်က မြင်ပါတယ်။ ပြင်တယ် ဆိုရင် လူတစု၊ အဖွဲ့အစည်းတခုခု က သူတို့သဘောကျ လိုသလို ပြင်တာ ခံရနေဦးမှာပါပဲ။ ဒါကြောင့် လွတ်လပ်စွာပညာသင်ကြားခွင့် ကိုသာ ထူထောင် ရလိမ့်မယ်။ လွတ်လပ်စွာနဲ့ ကိုယ်ပိုင်ကျောင်းတွေ ပေါ်လာဖို့၊ အဲဒီကိုယ်ပိုင်ကျောင်းတွေဟာ လူတန်းစားမရွေး တက်နိုင်မယ့် အခကြေးငွေနဲ့ ဒါမှမဟုတ် အခမဲ့ကျောင်းတွေ ပေါ်လာဖို့၊ တနည်းအားဖြင့်အမျိုးသားပညာသင်ကျောင်းတွေ ပေါ်လာသလိုပေါ့။ အားထုတ်ကြရမယ်။ နောက်တဆင့် က နိုင်ငံတကာက ပညာရေးစနစ်မျိုး အဲဒီကျောင်းတွေမှာ ထွန်းကားအောင်၊ နောက်တဆင့်က နိုင်ငံတကာ က အဲဒီကျောင်းက အောင်လက်မှတ်တွေကို အသိအမှတ်ပြုအောင်သာ အားထုတ်ရမှာပါ။ အစိုးရ ပါ ရင် ဘာမှ ဖြောင့်ဖြောင့်တန်းတန်းအောင်မြင်မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့သူတို့က မဟုတ်တာလုပ်ထားတဲ့အတွက် အဲဒီ သူတို့မကောင်းတာ၊ မဟုတ်တာတွေကို နောက်မျိုးဆက်တွေ မသိအောင် သမိုင်းကို လိမ်ညာဖုံးကွယ်ချင်နေကြလို့ပဲ။ ဒီလို သူတို့ သူရဲဘောကြောင်နေသေးသရွေ့ မြန်မာပြည်မှာ ကောင်းမွန်တဲ့ ပ ညာရေးစနစ်၊ ပေါ်လာမှာ ထွန်းကားလာမှာ မဟုတ်ဘူး။ အမေရိကားမှာ လူဖြူတွေ က ရက်ဒ်အင်ဒီးယန်းတွေအပေါ် ဘယ်လောက် မတရားလုပ်ခဲ့တယ် ဆိုတာ တခမ်းတနား သင်နေတယ်။ လူမည်းတွေကို ဘယ်လောက် မမျှမတ လုပ်ခဲ့တယ် ဆိုတာ တခမ်းတနားသင်နေတယ်။ လူဖြူဆရာတွေက ငါတို့ အင်မတန်ရှက်စရာကောင်းခဲ့တယ် လို့ ပြောပြီးသင်တာ။ ကိုလန်ဘတ်စ် လို့ သူကောင်းပြုခံခဲ့ရတဲ့ သူကြီးဟာ လူလိမ်၊ လူယုတ်မာကြီး ဆိုတာ နှစ်စဉ် အဲဒီ အနောက်အိန္ဒိယကျွန်းစုနွယ် အမေရိကန် တွေရဲ့ စာတွေက ပလူပျံအောင် တက်လာတယ်။ အဲဒါကို နှလုံးသား ရဲရင့်တဲ့ ပညာရှင်တွေက ၀န်ခံပြီး၊ လက်ခံကြတယ်။ စစ်အုပ်စု က အဲဒီလို နှလုံးသားမျိုး ရှိလာမှ မြန်မာပြည် ပညာရေးစနစ်ကောင်း ထွန်းကားမယ်၊ ပညာရေးစနစ်ကောင်း မထွန်းကားမချင်း တိုင်းပြည် မြင့်မားမှာ မဟုတ်ဘူး။ သူရဲဘောကြောင်တဲ့ လူတစုက လူ့အဖွဲ့အစည်းတရပ် လုံးကို နိမ့်ပါးစေတယ်။ သမိုင်းဆိုတာ ဘယ်လောက် အချိန်ကြာကြာ ပြောင်းမသွားဘူး ဆိုတာ သိနားလည် သဘောပေါက်နိုင်ရင်၊ မသေခင် အချိန်မီ ငါတို့ မှားခဲ့တယ် တခွန်းထဲနဲ့ သမိုင်းပြင်လို့ရတယ်။ ကိုယ့်ဖါသာ ကိုယ်လုပ်ရမှာ။ ချိုတူးဇော်

No comments: