Friday, March 14, 2014

ဇန်နဝါရီ လကုန်ပိုင်းက နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အရာရှိ မစ္စတာ ဗီဂျေးနမ်းဗီးယားက မြန်မာအစိုးရ စစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေမှာ ပါဝင်ဖို့ စေလွှတ်ရေးအတွက် အဆိုပြုခဲ့ပါတယ်။ ဒါကို နယူးယောက်မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ကလေးစစ်သား အသုံးချမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ပြုလုပ်ထားတဲ့ စစ်တပ်ကို ပြုပြင်ပြောင်းလဲမှု မယ်မယ်ရရ မလုပ်ရသေးမီမှာ အခုလို ကမ်းလှမ်းတာဟာ ကုလသမဂ္ဂ တပ်တွေရဲ့ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်လို့ မနေ့က ထုတ်ပြန်ခဲ့တဲ့ HRW ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်တွေ စေလွှတ်ဖို့ မြန်မာစစ်တပ်ကို ကမ်းလှမ်းခဲ့တဲ့အပေါ် Human Rights Watch ရဲ့ အဓိက စိုးရိမ်ပူပန်မှုကို ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ Brad Adams က ရှင်းပြရာမှာ မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့တယ်ဆိုတာရယ်၊ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ် အတွင်း ပြုပြင်ပြောင်းလဲမှုတွေ အတော်များများ ဖြစ်ပေါ်ခဲ့ပေမယ့် အဲဒီ ပြုပြင်ပြောင်းလဲမှုတွေမှာ လိုက်ပါမလာဘဲ ကျန်ရစ်ခဲ့တဲ့ အပိုင်းဟာ စစ်တပ်ပဲ ဆိုတာ လူတိုင်း လက်ခံထားတဲ့ကိစ္စ ဖြစ်တဲ့အကြောင်း ဘီဘီစီကို ပြောပြပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်ဖို့ မြန်မာတပ်တွေ စေလွှတ်ဖို့ကိစ္စ ကုလသမဂ္ဂကို Human Rights Watch က တားတဲ့အကြောင်း၊ ဒီလို လုပ်ခဲ့ရင် ပြုပြင်ပြောင်းလဲမှု ဘာမှ လုပ်မထားတဲ့ မြန်မာစစ်တပ်ကို မလိုအပ်ဘဲ အသိအမှတ် ပြုသလို ဖြစ်သွားပြီး၊ ပိုအရေးကြီးတာက နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ တပ်တွေဟာ ကုလသမဂ္ဂတပ်ထဲ ရောက်လာရင်လည်း ရောက်ရာအရပ်မှာ ပြဿနာပေါ်တာမျိုး ဖြစ်ခဲ့ဖူးတဲ့အကြောင်း Brad Adams က ပြောပါတယ်။ နောက်တစ်ချက်က ကလေးစစ်သားတွေ အားလုံးကို တပ်ထဲက အသာတကြည် ထွက်ခွင့် မပေးသေးတဲ့ မြန်မာစစ်တပ်ကို တခြားစစ်တပ်တွေနဲ့ တန်းတူထားပြီး စဉ်းစားလို့ မရဘူးလို့လဲ သူက ပြောပါတယ်။ မြန်မာစစ်တပ်က ကလေးစစ်သားတွေကို မိသားစုဆီ ပြန်အပ်တဲ့ အခမ်းအနားတွေ လုပ်ခဲ့တာတွေကို အပြောင်းအလဲ အနေနဲ့ ထည့်သွင်း မစဉ်းစားနိုင်တာကလည်း တချို့ကို အိမ်ပြန်ပို့ပေးခဲ့တာ မှန်ပေမယ့် တပ်ထဲမှာ အများကြီး ကျန်နေသေးတဲ့အကြောင်း၊ ပြီးတော့ မြန်မာ စစ်တပ်ဟာ ကလေးစစ်သားတွေအဖြစ် ဟန်ဆောင်ခိုင်းပြီး အခမ်းအနားနဲ့ အိမ်ပြန်ပို့ပေးတဲ့ လှည့်ဖျားမှုမျိုးတွေ လုပ်ခဲ့ဖူးတယ်လို့ ILO နဲ့ တခြား အဖွဲ့အစည်းတွေက တွေ့ရှိထားတာကိုလည်း Brad Adams က ထောက်ပြသွားပါတယ်။ မြန်မာစစ်တပ်ကို ငြိမ်းချမ်းရေးတပ် ၀င်ဖို့ ကုလ ကမ်းလှမ်း ကလေးစစ်သား အသုံးပြုမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ စစ်တပ်ကြောင့် ကုလသမဂ္ဂ တပ်တွေရဲ့ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်လို့ ဆို

No comments: