Wednesday, March 26, 2014

"""ယမမင်း၏ ခွေးပုရပိုဒ်တွေ ငါ၏အမည်နာမ မည်မျှပင် ထပ်နေစေကာမူ. . .""" ခုမျက်မှောက်ခေတ် ပစ္စက္ခအခြေအနေမှာ ဖြစ်ပျက်နေတာတွေကို သေချာ လေ့လာဆန်းစစ်ကြည့်ကြည့်ရအောင်။ ရဟန်းတို့လိုသလို ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းနေတဲ့ သဘော သက်ရောက်မနေဘူးလား။ ထေရ်တို့ စိတ်တိုင်းကျ ပြုပြင်နေတာ ခုလိုခေတ်မျိုးမှာတောင် တွေ့ရရင်၊ သာသနာနှစ် ၂၅၀၀ကျော်အောင် ဘယ်လိုများ ဖြတ်သန်းလာမလဲ လို့၊ နှိုင်းယှဉ်တွေးတောရင်း သံသယတွေ ပွားသထက် ပွားများလာရတယ်။ ခုခေတ်မြန်မာပြည်က ဘုန်းကြီးအများစု နေပုံထိုင်ပုံကို မကြိုက်သလို၊ သီဟိုဠ်က ဘုန်းကြီးတွေ နေနေတာလဲ(ပါလီမန်ထဲ ၀င်ထိုင်တာ တချက်ထဲနဲ့) အလွဲကြီး လို့ ပဲ မြင်ပါတယ်။ ဒီ့အတွက် ထေရ၀ါဒ ကို သံသယ ၀င်စရာ ဖြစ်လာတယ်။ ဗုဒ္ဓ၀ါဒ ကို ၀င်တာ မဟုတ်ဘူးနော်။ ဒီတော့ ပြန်မေးစရာ ရှိတယ်။ မင်းသိတဲ့ ဗုဒ္ဓ၀ါဒ ဆိုတာကကော ဘယ်သူတွေက သယ်ဆောင်လက်ဆင့်ကမ်းလာသလဲ လို့။ ဟုတ်ပါတယ် ထေရ်တို့ပါပဲ။ ဒါပေမယ့် ထေရ် တို့ ဆိုတိုင်းလဲ၊ ထေရ၀ါဒီတွေ ချည်း မဟုတ်ဘူး ဆိုတာကိုလဲ သတိပြုကြစေချင်တယ်။ ဟောဒီမြန်မာပြည်မှာကို ပျံလွန်တော်မူပြီးသော ဆရာတော်ကြီးများနဲ့၊ သက်ရှိ ရှိနေဆဲ ဆရာတော်ကြီးများထဲမှ တချို့ကိုယ်တိုင် ထေရ၀ါဒီ စစ်ရဲ့လားလို့။ တခြားသော ဗုဒ္ဓ၀ါဒအယူနဲ့၊ တခြားသော လမ်းစဉ်တွေကို အားထုတ်နေခဲ့၊ အားထုတ်နေကြသလားလို့။ ဒါ ပြစ်တင်တာ မဟုတ်၊ ကဲ့ရဲ့တာမဟုတ် စဉ်းစားစရာတွေ ပြောပြတာ။ ဒီတော့ ထေရ၀ါဒ ဆိုတာ ဗုဒ္ဓ ရဲ့ တရားတွေအများကြီးထဲက ထိုထိုသော ဂိုဏ်းဆရာတို့ လိုသလို စိစစ်တည်းဖြတ် ဆင်ဆာပြုထားသော ကျမ်းဂန်တချို့ ကိုသာ ကိုယ်စားပြုတယ်။ ခင်ဗျားတို့ ကျနော်တို့ မဟာယန က ဗုဒ္ဓအဆုံးအမလေး တခုတလေ ကို တခါတလေ ဖတ်ရ မြင်ရတဲ့အခါမျိုးကော ဘ၀င်မကျ ဘူးလား။ ဒီလိုပဲ ဇင်ဗုဒ္ဓ၊ စသဖြင့် ကမ္ဘာပေါ်က ကျနော်တို့ ကျမ်းဂန်ထဲ မပါသည့်တိုင် ယူသော အယူတို့ကို ဘ၀င်မကျကြရပေဘူးလား။ ဒါမျိုးကို သဘောကျ လို့ ကိုးရင်တောင် တခါတလေ တချို့သော ဂိုဏ်းစွဲကြီး ရဟန်းကြီးတွေ၊ ဂိုဏ်းစွဲကြီးလူကြီးတွေက အဲဒါ ငါတို့ သာသနာက စာ မဟုတ်၊ ငါတို့အယူ မဟုတ်ဘူး လို့ ငြင်းဆန်တာတောင် ကြုံဘူးတယ်။ ထားပါတော့။ ဒီတော့ ခုခေတ် မြန်မာပြည်က ရဟန်းတွေကိုပဲ သေချာ လေ့လာကြည့်ရအောင်။ အကျင့်သီလ ကင်းမဲ့ပြီး၊ သင်္ကန်းရုံထားရုံ ရဟန်းတွေကို စကားထဲကို ထည့်မပြောတော့ဘူး။ ဒီရဟန်းတွေဟာ အရွယ်ကို အကြောင်းပြ၊ ၀ါနု တာကို အကြောင်းပြပြီး၊ သင်္ကန်းဝတ်ညာစားနေတဲ့ လူလိမ်တွေ၊ အချောင်သမားတွေ၊ ဤမျှလောက်ဆင်းရဲနိမ့်ကျနေသော တိုင်းပြည်မှာ အားကောင်းမောင်းသန် အရွယ်ကောင်း ယောက်ျားတွေ ဖြစ်ပါလျှက်နဲ့၊ အရွယ်သုံးပါးကျားမမရှောင် အများပြည်သူတို့ ထမင်းသုံးနပ်စားရဖို့အရေး အမျိုးမျိုးပင်ပန်းဆင်းရဲစွာ ရုန်းကန်လှုပ်ရှားနေ ကြရတဲ့ ဒီလူ့အဖွဲ့အစည်းမှာ ညာစားနေ၊ အချောင်ခိုနေတဲ့ လူတွေ လို့ပဲ မြင်တယ်။ ထိုထိုသော လူတို့ သင်္ကန်းကို အကာအကွယ်ပြု ပြည်သူဆီက ဆွမ်းကွမ်းပစ္စည်းလေးပါး၊ ငွေကြေးတို့ကို အလှူခံ၊ ရ တဲ့ ငွေကြေးနဲ့ သောက်စားပျော်ပါး၊ ရည်းစားထား၊ ကာမဂုဏ်ခံစားနေကြတယ် ဆိုရင်၊ ထိုထိုသော အချောင်သမားတို့ကို ထို မြတ်သောသင်္ကန်းဝတ်မှ ဖယ်ရှား သာသနာကို သန့်စင်ဖို့ အမြန်ဆုံးလိုအပ်တယ် လို့ မြင်တယ်။ နောက် ဘ၀င်မကျတာက သာသနာ့ဝန်ကို ထမ်းနေပါလျှက်နဲ့ အကောင်းစား၊ အညွန့်စား၊ ဤမျှ ဆင်းရဲနိမ့်ပါး ဒုက္ခကြီးနေကြသော လူ့အဖွဲ့အစည်းကြီးမှာ သိန်းပေါင်းထောင်ချီ တန်သော ကားကြီးကိုစီး၊ ဟီးဟီးထသော တိုက်ကြီးများကိုဆောက်၊ အထပ်ထပ်မြင့်သော ကူရှင်မွှေ့ယာကြီးများမှာ ထိုင်၊ လျောင်းကာ၊ သိန်းဆယ်ဂဏန်းချီတန်သော ကွန်ပျူတာ၊ ဆဲလ်ဖုန်းဟန်းဆက်၊ စသည့် နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းများဖြင့်၊ ညနေဘက် တရားကလေးဟော၊ ထိုတရားပွဲ တပွဲကို မည်၍ မည်မျှ ဟု ကြေးသတ်မှတ်၊ ထိုမှ ရသော မြတ်စွန်းငွေကို မြန်မာပြည်အနှံ့ လှူသည် ဆိုသည့်တိုင်၊ မည်မျှ ရ၍ မည်မျှလှူသည်၊ မည်မျှ မည်သို့ သုံးစွဲသည် မည်သူမှ မသိ။ ဘုရား၏တရားတို့ဖြင့် စီးပွားရှာနေသော ထိုထိုအပြုအမူတို့သည်လည်း ကြည်ညိုဖွယ်ရာ လို့ ကျနော်မမြင်ပါ။ အပြစ်ချည်းပဲ မြင်ရင် အပြစ်ပဲ မြင်လိမ့်မယ် လို့ ရဟန်းတချို့တလေ ဆင်ခြေကန်သော ကွန်မန့်များတက်လာတတ်ပါတယ်။ ဒါပေမယ့် ကျနော် တရားဟော ဓမ္မကထိကများ မည်မျှပင် တရားဟောကောင်းစေ၊ ထိုသို့နေ၊ ထိုသို့ဇိမ်ခံ၊ ထိုသို့သုံးစွဲနေသည်ကို ဤမျှမွဲသော တိုင်းပြည်၊ ဤမျှနိမ့်ကျသော လူ့အဖွဲ့အစည်းမှာ လက်တဆုပ်စာသော စစ်ဗိုလ်ချုပ်ကြီးများနှင့်၊ ခရိုနီမိသားစု တို့ သုံးနေ၊ စွဲနေသလိုသာ နှိုင်းယှဉ်ပြီး မြင်မိပါတော့တယ်။ မြန်မာပြည် အစဉ်အဆက် သာသနာကို ကြည်ညိုကြလွန်းလို့၊ အင်မတန် ဝေးလံခေါင်ဖျားသော တောရပ် တောရွာများမှာတောင် ဆွမ်းကွမ်း လိုလေသေးမရှိ၊ လှူလေ့ ရှိပါတယ်။ ဒီတော့ ဘုန်းကြီးဝိုင်း ဆိုတာ အနည်းဆုံး အသားဟင်းလေးငါးခွက်၊ ချိုချဉ်ခဲဖွယ် ဘောဇဉ် စုံနေအောင် ပါတယ် ဆိုတာ လူတိုင်းသိပါတယ်။ ကျနော်တို့ နားလည်လက်လှမ်းမီသလောက်၊ မြတ်စွာဘုရားဟောခဲ့တာ ဥစ္စာသယန၊ မဟာသယနအစပြုသော သိက္ခာပုဒ်တို့မှာ ငွေကြေးဥစ္စာကို ကိုင်တွယ်သုံးစွဲခြင်း မပြုရ၊ သုံးစုံသော သင်္ကန်းထက် မပိုရ၊ သစ်တပင် ၀ါးတပင်အောက်မှာ သီတင်းသုံးနိုင်ရမယ်၊ မိမိသပိတ်ထဲမှ ဆွမ်းရဲ့ သုံးပုံ တပုံသာ ဘုန်းပေးတော်မူရတယ်။ အစဉ်အမြဲရောင့်ရဲတင်းတိမ်၊ စက္ခုနြေ္ဒကိုချ၊ ကံသုံးပါး အင်မတန် ဣနြေ္ဒစောင့်စည်းကာ၊ သတိမပြတ် တည်ကြည်သော မျက်နှာတော်ဖြင့် သံဃာ ဆိုသည့် ဂုဏ် ကို နာကြားအောင့်မေ့ရပါတယ်။ လူလိုနေ၊ လူလိုပြော၊ လူလိုရယ်၊ လူလို ချက်တင်ဝင်၊ လူလို ဖေ့စ်ဘွတ်ခ်သုံး၊ လူလို တရုန်းရုန်းနဲ့ ထိုထိုသော ရဟန်းတို့ကိုလည်း အကြည်အညိုပျက်ရတာ အမှန်ပါပဲ။ ထိုသော ရဟန်းတို့ဟာ ဤထေရ၀ါဒမှာ ပိုများနေသလား လို့ မဟာယန ကိုယ်တော်တို့ ဆင်းရဲခြင်းနဲ့ ယှဉ်ပြီး၊ တွေးဆ မိပါတယ်။ မဟာယန ကိုယ်တော်တွေဟာ ဆွမ်းခံခြင်း မပြု၊ တချို့သော လူ့ရပ်ရွာနဲ့ ဝေးလံခေါင်းပါးသော ဒေသမှ ကိုယ်တော်တွေဟာ ကိုယ်တိုင်လယ်ထွန်၊ ကိုယ်တိုင် အသီးအရွက်ရှာဖွေ လို့ ဆွမ်းကိစ္စ ဖြေရှင်းရပါသတဲ့။ ဒါဟာ ထိုကိုယ်တော်တို့ သက်သတ်လွတ်စားဖို့ရာ အကြောင်းအရင်းတချက် ဖြစ်လာစေပါတယ်။ ပါဏာတိပါတာကံဆောင်သော ပုဂ္ဂိုလ်တို့ မိမိတို့ ဆွမ်းကိစ္စမိမိတို့ဖါသာဖြေရှင်းသောအခါ အသား စားစရာ အကြောင်းမရှိပြီ။ ထားပါတော့။ ယှဉ်မယ်ဆို ကမ္ဘာကျော် နိုဘယ်ဆုရှင်ကြီး ဒလိုင်းလားမားတောင် မြန်မာပြည်က တရားဟောဓမ္မကထိကဆရာတော်တွေ လောက် မချမ်းသာတာ အမှန်ပါပဲ။ ဒီလို နှိုင်းလို့ယှဉ်လို့ မိမိတို့ လိုသလို ပြုပြင်စီရင်နေကြသော ထိုထေရ၀ါဒ ကို အယုံအကြည် သံသယများသထက်၊ များလာရပါတယ်။ ကျနော် မဟာယန၀ါဒီလဲ မဟုတ်ပါ။ ဗုဒ္ဓကိုသာ ထိုထိုသော ကြည်ညိုဖွယ်ရာ မကောင်းသော ရဟန်းတို့ကို ကြည့်ရ၊ မြင်ရလေ၊ ဗုဒ္ဓနဲ့ အဂ္ဂသာဝက၊ မဟာသာဝက၊ မထေရ်ကြီးတို့ ကျင့်ကြံနေထိုင်သွားကြတာကို သဒ္ဓါပွားများရင်း ပွားများကာ နေမိပါတော့တယ်။ ချိုတူးဇော်

No comments: