Wednesday, March 26, 2014

" (သတိ) မိစ္ဆာတို့မည်သည် ကန့်လန့်ပြောတတ်သည်" *********************************************************** မေးခွန်း။ ။ဝီရ ဓမ္မဆိုတော့ ဘုန်းကြီးလို့ဘဲ သဘောထားပြီး မေးလျှောက် ချင်ပါတယ်ဘုရား။ ဂေါတမ မြတ်စွာ ဘုရား ပါရမီဖြည့်စဉ် ဘ၀များစွာမှာ မျိုးနွယ် တစ်ခု တည်းမှာ သာ ဖြစ်ပေါ်ပါသလား ဘုရား။ ပြီး တော့ ဂေါတမ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက တစ်ပါးတည်းကစပြီး (၃၁)ဘုံကို မေတ္တာတရားနဲ့ တရားပြုနိုင်တာ တပည့်တော်တို့ ဗမာပြည်က သံဃာ (၃)သိန်းကျော်က လူဦးရေ သန်း(၆၀)ကျော် ရင်ထဲကို သရဏဂုံ မြဲအောင်တောင် မေတ္တာ တရားနဲ့ သွန်သင် ပြသမှု ဘာကြောင့် မပြုနိုင်ရတာလဲ ဘုရား ?? အဖြေ။ ။ မှန်ပါတယ်။ ဦးဇင်းပါ။ မြတ်စွာဘုရားရှင် ပါရမီဖြည့်ကျင့်စဉ် ဘဝများမှာ မျိုးနွယ်တစ်ခုတည်းမှာ မဟုတ်ဘူးဆိုတာ ဒကာရဲ့မေးခွန်းကြည့်ရင် ဒကာသိလောက်မှာပါ။ သိလျက်နဲ့မေးတဲ့ သဘောပါပဲ။ ထားပါ။ မျိုးနွယ်တစ်ခုတည်းမှာတော့ မဟုတ်ဘူး။ သို့သော် မြတ်စွာဘုရားရှင်က ဖြစ်လေရာဘဝတိုင်းမှာ သမ္မာဒိဋ္ဌိ အယူမှန်သူတစ်ဦးဖြစ်ခဲ့တယ်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပါရမီဆိုတာ သူတော်ကောင်းတို့ရဲ့လမ်းစဉ်ဆိုတော့ ပါရမီဖြည့်ကျင့်တယ်ဆိုတည်းက အယူမှန်သူတစ်ဦးလို့ ဆိုနိုင်ပါတယ်။ မြတ်စွာဘုရားရှင်ဆိုတာ တစ်လောကလုံးကို အကုန်မြင်တယ် အကုန်သိတယ်။ ဘယ်ပုဂ္ဂိုလ်က ဘယ်ကမ္မဋ္ဌာန်းပေးရင်၊ ဘယ်ပုဂ္ဂိုလ်က ဘယ်တရားဟောရင် ကျွတ်တမ်းဝင်နိုင်မယ်ဆိုတာ တန်းသိတယ်။ ဒါကြောင့် ဝေနေယျသတ္တဝါ ကျွတ်ထိုက်တာမှန်သမျှကို အကုန်လုံး ကျွတ်တမ်းဝင်အောင် ဆုံးမနိုင်ခဲ့တယ်။ မြတ်စွာဘု၇ားရှင် ချေချွတ်လို့ ကျွတ်တမ်းမဝင်တဲ့ ပုဂ္ဂိုလ်တွေဟာ များစွာကျန်ရစ်ခဲ့ပါတယ်။ တခြားသွားမကြည့်ပါနဲ့။ အခုဒကာတို့ ဦးဇင်းတို့ဆိုတာ မြတ်စွာဘုရား ချေချွတ်လို့ ကျွတ်တမ်းမဝင်ခဲ့တဲ့သူတွေ ထဲမှာပါတယ်။ မြတ်စွာဘုရားရှင်နဲ့ ဦးဇင်းတို့ကို မခိုင်းနှိုင်းပါနဲ့။ မြတ်စွာဘုရားရှင်သော်မှ ချေချွတ်တော်မူလို့ မရတဲ့ သူတွေရှိတယ်ဆိုတော့ ဦးဇင်းတို့လို ပုထုဇဉ်များအနေနဲ့ အဘယ်မှာ ဆိုဖွယ်ရှိပါအံ့နည်း။ ပြောချင်တာ ဦးဇင်းတို့လည်း ဒီတိုင်း ဒကာ ဒကာမလှူတာ တန်းတာ စားသောက်ဘုဉ်းပေးပြီး ငုတ်တုတ်ထိုင်နေခြင်း မဟုတ်ဘဲ ဟောပြောရေးသားနေကြတာပါ။ ဦးဇင်းတို့ဟောတဲ့ ရေးသားတဲ့ တရားဓမ္မများဖတ်ပြီး နားကြာပြီး တချို့လည်း သဘောပေါက်ပြီးတော့ သရဏဂုံမြဲသလို၊ ဝိပဿနာတရားများနှင့် ပျော်မွေ့ပြီး အနေမြတ်ကြပေမယ့်၊ တချို့လည်း အကုသိုလ်ကံကြီးလို့လား မိစ္ဆာအယူကိုပဲ မစွန့်နိုင်တာတော့မသိ၊ ပြောလို့ ဆိုလို့ ဆုံးမလို့မရသည့်အပြင် အတိုက်အခံ ဆန့်ကျင်ဘက်တောင်လုပ်ကြတာကိုး။ အချုပ်အားဖြင့် ပြောလိုတာက တစ်လောကလုံးအကုန်အစင်သိမြင်တော်မူတဲ့ မြတ်စွာဘုရားရှင်သည်ပင်လျှင် ကျွတ်ထိုက်သမျှသာ ချေချွတ်တော်မူခဲ့ပြီး၊ ချေချွတ်လို့ မရသေးတဲ့ အကုသိုလ်ကြီးမားတဲ့၊၊ မိစ္ဆာအယူဝါဒကိန်းနေတဲ့ သူတွေကို မချေချွတ်တော်မူခဲ့သလို၊ ကိလေသာမကင်းစင်သေးတဲ့၊ အလုံးစုံကိုဥာဏ်ဖြင့်ထိုးထွင်းမသိသေးတဲ့၊ စာအသိကလွဲလို့ ပညာသိမသိသေးတဲ့၊ ပုထုဇဉ်ရှင်ရဟန်းများမှာ မှောင်ထဲ ခဲပစ်သလို ထိတဲ့သူတွေကျတော့ အသိရကြပြီး မထိတဲ့သူတွေတော့ အသိမရသေးတာရယ်၊ (မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်သလို) သူသာဝကနဲ့ သူဝေနေယျကျမှ ကျွတ်တမ်းဝင်မယ်ဆိုတာကိုပဲ ပြောရင်း နိဂုံးချုပ်ပါရစေ။ ဝီရဓမ္မ ဆိုသည်မှာ ဦးဇင်းရဲ့ ဘလော့နာမည် http:// www.wiradhamma.com/ ဖြစ်ပါတယ်။ စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝ ကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: