Thursday, March 13, 2014

မိဘသုံးမျိုး ********* အသက် နှစ်နှစ်အရွယ် ကလေးတစ်ယောက် စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဂိုင်းဖန်ခွက်ကို လှမ်းယူနေတယ်။ မကြာခင်မှာ ခွက်က ကလေးလက်ထဲ ရောက်လာတယ်။ဒါပေမယ့် ခွက်က ကလေးရဲ့လက်ထက်ကြီးနေတော့ စက္ကန့်ပိုင်းလောက်မှာပဲ ခွက်ကျကွဲသွားတယ်။ကြမ်းပြင်ပေါ်မှာ ကျဲပြန့်နေတဲ့ ဖန်စတွေနဲ့ပေါ့။ ဖန်ခွက်ကျကွဲသံကြားတော့ ကလေးရဲ့မိဘက ကလေး နားရောက်လာတယ်။ဒီလိုအချိန်မျိုးမှာ မိဘသုံးမျိုး ကွဲထွက်သွားတယ်။ 1. မိုက်မဲပြီးအသိဉာဏ်နည်းတဲ့မိခင်၊ သားသမီးထက်ဥစ္စာ ပစ္စည်းကိုပိုတန်ဖိုးထားတဲ့မိခင်က ဒေါသကြီးစွာဖြင့် " အမလေး...ကုန်ပါပြီတော်...ဒီသေနာကောင်လေးက တော်တော်ဂြိုလ်မွှေပါလား...ဒီခွက်က အလကားရတာမဟုတ်ဘူး ဂြိုလ်ဆိုးလေးရဲ့...နင်လုပ်တာနဲ့ ငါ့အိမ်ကခွက်တွေ ကုန်တော့မယ်... လာစမ်း...တော်တော်ကမြင်းတဲ့လက်...ဖြန်း...ဖြန်း.... ဖြန်း....."အသိဉာဏ်မကြွယ်သေးတဲ့ကလေးကို ရိုက်နှက် အော်ဟစ်ပြီး ဆုံးမလိမ့်မယ်။ 2.သနားဂရုဏာမေတ္တာကြီးမားတဲ့ မိခင်က " အမလေး... ဖြစ်မှဖြစ်ရလေ သားလေးရယ်...သားလေးဘယ်နားထိသွားသေးလဲ... သားလေးဘယ်နားနာသွားသေးလဲ...အမေ မထားသင့်တဲ့နေရာမှာ ခွက်ကိုထားလို့ သားခုလိုဖြစ်ရတာ...မေမေ့ကို ခွင့်လွှတ်နော်သား... လာ....မေမေမုန့်ဝယ်ကျွေးမယ်..."ကလေးကို မေတ္တာ ဓာတ်ပါတဲ့ အတွေးအခေါ်၊ အပြောအဆို၊အပြုအမူ တွေနဲ့ပြောဆို ဆက်ဆံလိမ့်မယ်။ 3. ကလေးကို ပညာပေးမယ့် ပညာရှိမိဘက " သား ဘယ်နေရာ နာသွားသေးလဲ...ဘယ်နေရာမှမထိလို့တော် သေးတာပေါ့သားလေးရယ်..."လို့ပြောဆိုပြီး ကျကွဲသွားတဲ့ ဖန်ခွက်နဲ့ အရွယ်ချင်းတူ ပုံစံတူ နောက်ထပ်ဖန်ခွက်တစ်ခုကို စားပွဲပေါ်ပြန်တင်လိုက်တယ်။ပြီးလျှင် " ဖန်ခွက်ကိုင်ရင် ဂိုင်းကနေကိုင်ရတယ် သားလေးရဲ့..."ဆိုပြီး သားလေးရဲ့လက်ငါးချောင်းနဲ့ ဖန်ခွက်ရဲ့ဂိုင်းကို ဆုပ်ကိုင်ခိုင်း စေလိမ့်မယ်။ လူတစ်ယောက်ရဲ့ မှတ်ဉာဏ်က အဖန်တလဲလဲ ထပ်ခါထပ်ခါပြုလုပ် ခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်။စာတစ်ပုဒ်ကို အကြိမ်ရေများများ ဖတ်လေလေ ထိုစာကို မှတ်မိလွယ်လေ ဖြစ်တယ်။ ထိုပညာရှိမိခင်က ကလေးရဲ့လက်ငါးချောင်းနဲ့ ဖန်ခွက်ဂိုင်းကို လေးငါးကြိမ် ဆုပ်ကိုင်ခိုင်းလိမ့်မယ်။ Credit to ဦးတိုးအောင် K.K(ကနောင်) www.kanaung.net

No comments: