Friday, March 21, 2014

"""ရိုဟင်ဂျာ ကိစ္စ ပြောပါဦးမယ်""" ရိုဟင်ဂျာသမိုင်း ကို လှုံ့ဆော်သူတွေရဲ့ အထောက်အထားတွေဟာ မခိုင်လုံဘူး၊ ဒါ့ထက် ယုတ္တိကင်းလွတ်နေတယ် လို့ ကျနော်က ထောက်ပါတယ်။ ဒါ့ထက်လဲ ပြောဖို့က ကိုယ်တွေက ပညာရှင်မဟုတ်လို့ ပြောရခက်ပါတယ်။ ဥပမာ ရခိုင်ဒေသတခုလုံး ရိုဟင်ဂျာတွေရဲ့ ထီးစိုက်နန်းစိုက်ခဲ့တဲ့ နေရာ၊ ရခိုင်တွေက အဓမ္မသိမ်းပိုက်နယ်ချဲ့ထားတာ ဆိုတာမျိုးက အစ။ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား သေချာ သုံးသပ်ခွဲခြမ်းစိတ်ဖြာပြီး ဆင်ခြင်ကြည့်ပါ။ ကမ္ဘာ့သမိုင်းမှာကို ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာတွေဟာ အစဉ်လိုက် ထွန်းကားခဲ့တာ။ အဲဒီ မြောက်ဦးမှာ ဗုဒ္ဓသာသနိက အဆောက်အအုံတွေကို အထင် အရှားမြင်ရဲ့နဲ့ ဒါတွေထက်စောပြီး အစ္စလာမ်ဘာသာက အရင်ထွန်းကားခဲ့တယ်၊ ရိုဟင်ဂျာတွေ နန်းစိုက်ခဲ့တယ် လို့ ချဲ့ကားလိုက်တာ၊ ရိုဟင်ဂျာ တိုင်းရင်းသား အမှန်တကယ် ဆိုရင်တောင်၊ သူ့အဆိုနဲ့သူ သမိုင်းချိနဲ့သွားစေတဲ့ လုပ်ကြံမှုပါ။ လွန်ခဲ့တဲ့ နှစ် ၄၀၀ က ဆိုတော့၊ ငယ်ငယ်က ကိုယ်နေခဲ့ဖူးတဲ့ ခြံ၊ အိမ်ကို၊ အဆင့်ဆင့် လွှဲပြောင်းရောင်းချခဲ့ပြီးမှ ဒါ လွန်ခဲ့တဲ့ ဘယ်အချိန်က ငါ ပိုင်တဲ့ ခြံ လို့ ပြန်တောင်း သလို ဖြစ်မနေဘူးလား။ အဲဒီလို တောင်းကြကြေးဆို ဘင်္ဂလားနယ်ထဲက စစ်တကောင်း၊ အာသံ၊ မဏိပူရ တွေက မြန်မာပိုင် လို့ ပြောရမလို ဖြစ်နေတယ် လို့ ထောက်ပြသားပဲ။ အဓိက က ရိုဟင်ဂျာ ဆိုတာ သမိုင်းသက်တမ်း အရမ်းကိုနုတဲ့နာမည်၊ ဒီ့မတိုင်မီက မူဂျာဟစ်သူပုန်၊ ကုလားဆိုးသူပုန် ဆိုတဲ့ နာမည်တွေနဲ့ ဆိုတော့ ပို ခွကျ ကုန်တယ်။ သေချာ ကို လေ့လာ စိစစ်ကြရမယ့် ကိစ္စပါ။ မွတ်စလင်တွေထဲမှာ ပညာတတ်တွေ၊ ဆွေးနွေးတွေးခေါ်နိုင်တဲ့ လူတွေ အများကြီးပါ။ ကျနော်တို့ အာရ်အိုင်တီကျောင်းထွက်တွေကို အများကြီးပါ။ ခုတလော ကျောင်းတုန်းက ကျနော့်သူငယ်ချင်းမွတ်စလင် တွေနဲ့တောင် ပြန်ဆုံရပါတယ်။ ကျနော့်မှာ ဆိုခဲ့သလို မွတ်စလင်သူငယ်ချင်းတွေ အများကြီးပါ။ သူတို့ကို မေးကြည့်ရင် ဘယ်တုန်းကမှ အစ္စလာမ်ဘာသာကို နှိမ့်ချတိုက်ခိုက်မဆက်ဆံခဲ့တာ၊ သိချင်တာမှန်သမျှမေး၊ သဘောကျရင် သဘောကျသလို လက်ခံခဲ့တာချည်းပါပဲ။ ဗုဒ္ဓဘာသာဝင် ဆိုပေမယ့် ကျနော်က ဓမ္မ၊ တရား ဆိုတာ ဗုဒ္ဓမှာချည်း ရှိတယ် လို့ တဘက်ပိတ်မထားပါဘူး။ ခရစ်ယာန်ထဲမှာ ကောင်းမြတ်သော တရား၊ အစ္စလာမ်ထဲမှာ ကောင်းမြတ်သောတရား၊ စသဖြင့် ဘာသာအသီးသီးမှာ ကောင်းမြတ်သော တရားတွေ ရှိပါတယ်။ ကျနော်က လူတွေကို ယုံတယ်။ လူတွေကို ယုံတဲ့အတွက် လူတို့ အခြေ အမြစ် အကျိုးမရှိဘဲ ဘာကိုမှ မယုံကြည် လို့ ခံယူစွာ ဘာသာတရားတိုင်းကို လေးလေးစားစား တန်ဖိုးထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ခေါင်းစဉ်တခုတပ်ပြီး၊ တခြားဘာမှ လက်မခံတော့တာလဲ တဘက်ပိတ်ချင်း တမျိုးပါပဲ။ ဒါ့ထက် မှန်နေမှန်းသိရဲ့ ငါတို့အယူမဟုတ်လို့၊ သူတို့အယူမို့လို့ ဆိုပြီး လက်မခံတာလဲ ပိတ်ချင်းမက ပိတ်ချင်းကြီးပါပဲ။ ခု ခင်ဗျားတို့ကစာ ဖတ်တာတောင် ဗုဒ္ဓဘာသာ ကို ဝေဖန်တော့ ၀ိုင်း Like ကြ၊ ရိုဟင်ဂျာ ကို သုံးသပ်ပြတော့ ၀ိုင်းဆဲကြနဲ့။ ၀ီရသူ လို လူမျိုးက အမျိုးဘာသာသာသနာ ကြွေးကြော်ပြီး မဟုတ်က၊ ဟုတ်က လုပ်တာကို ပြင်းပြင်း ထန်ထန် ကန့်ကွက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အားနာပါဦး။ စဉ်းစားဆင်ခြင်နိုင်တဲ့ ဘယ်မြန်မာဗုဒ္ဓဘာသာဝင်မှ အဲဒီ အရည်မရ၊ အဖတ်မရ၊ အမျိုးဘာသာသာသနာ ကြွေးကြော်မှုတွေကို လက်မခံကြပါဘူး။ မွတ်စလင်တွေဟာလဲ စဉ်းစားချင့်ချိန်၊ ရင့်ကျက်တဲ့ လူတွေ လို့ ပြကြပါလေ။ ကျနော်က ရိုဟင်ဂျာ ခေါင်းစဉ် ဟာ မြန်မာပြည် ရဲ့ အချုပ်အခြာအာဏာ ကို ထိပါးမယ့် အရေး ဖြစ်နေတယ်၊ တိုင်းနယ်နမိတ်ကို ထိပါးမယ့်အရေး ဖြစ်နေတယ်၊ ဒါ့ကြောင့် မြန်မာနိုင်ငံသားမွတ်စလင်တို့ဟာ ဒီတိုင်းပြည်ရဲ့ သစ္စာကို စောင့်သိတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်မယ် ဆိုရင်၊ ရိုဟင်ဂျာဟာ တိုင်းရင်းသား ပါ ဆိုတာကို နိုင်ငံရေးပြဿနာ အနေနဲ့ တင်စရာ အကြောင်းကို မရှိပါဘူး။ ရိုဟင်ဂျာတွေရဲ့ ဇစ်မြစ်နဲ့ တိုင်းရင်းသားဖြစ်ကြောင်းကို တကယ့်ကို နိုင်ငံတကာက ကျွမ်းကျင်သမိုင်းပညာရှင်၊ မနုဿဗေဒပညာရှင်တွေနဲ့ စနစ်တကျကို လေ့လာ၊ စိစစ်ပြီး ဖေါ်ထုတ်ဖို့ လိုတဲ့ ကိစ္စပါ။ ပြောရရင် ဒီကိစ္စ ဟာ နိုင်ငံရေးပြဿနာမဟုတ်ဘဲ၊ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှု၊ ဖေါ်ထုတ်မှုတွေ အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပြောင်းသင့်ပါတယ်။ နိုင်ငံရေးပြဿနာ တွေက လူနည်းစု မွတ်စလင်နိုင်ငံသားတွေ အဖိအနှိပ်ခံနေရတာ၊ အဲဒီဒေသမှာ ခိုးဝင်ဘင်္ဂလီဖြစ်စေ၊ ပြည်တွင်းမွတ်စလင်ဖြစ်စေ၊ ဒုက္ခသည်တို့ လူ့တန်ဖိုးနဲ့အညီ လူတန်းစေ့ ပြုစုစောင့်ရှောက်မှု၊ စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှုတွေ၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု နဲ့ ဘာသာတိုင်း၊ လူမျိုးတိုင်း အပြန်အလှန်လေးစားမှုတွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခွင့်ရရေး အဲဒါတွေပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဖတ်လိုက်ရတဲ့ ဗကသ ဥက္ကဋ္ဌဟောင်းဦးရာရှစ်ရဲ့ အထုပ္ပတ္တိမှာ သူဟာ ကိုလိုနီခေတ်က ရောက်လာတဲ့ အိန္ဒိယနွယ်ဖွားတဦးဖြစ်တယ်။ သူ့အသက် ၂ နှစ်သားမှ မြန်မာပြည်ကို ရောက်ခဲ့တယ် တဲ့။ အရည်အချင်းရှိ၊ ပေးဆပ်မှုရှိတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်လေးလေးစားစား နဲ့ ချီးကျူးနေရာပေး၊ တင်မြှောက်ခဲ့တာ အထင်အရှားမဟုတ်လား။ ကျနော်တို့ အားထုတ်ရမှာ အဲဒီလို စိတ်ဓါတ်တွေ ပြန်ထွန်းကားအောင်လုပ်ရမှာ။ ဘယ်တုန်းကပဲ ရောက်ရောက်၊ နိုင်ငံသားတိုင်းတန်းတူညီမျှ အခွင့်အရေးတွေ ရအောင် အားထုတ်ရမှာ။ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ ကထဲက နေလာတာလို့၊ နှစ် ၄၀၀ က နန်းစိုက်တာတို့ မဟုတ်က ဟုတ်က သမိုင်းတွေ ဖန်တီးရမှာ မဟုတ်ဘူး။ သေချာ ထပ်ပြောပါမယ်။ အမှန်တကယ် တိုင်းရင်းသားဖြစ်တယ်၊ ဖေါ်ထုတ်ဖို့လိုတယ် ဆိုရင် ဒါဟာ သမိုင်းပညာရှင်၊ မနုဿဗေဒပညာရှင်တို့ လေ့လာဆန်းစစ်ဖေါ်ထုတ်ရမယ့် ကိစ္စဖြစ်သွားပြီ။ သာမန်အက်တစ်ဗစ် က ရိုဟင်ဂျာ ဆိုတာ အကုန်သတ်ပစ်လိုက်လဲ ရိုဟင်ဂျာ ဆိုတာရှင်သန်နေမှာပဲ ဘာညာ နဲ့ သွေးကြွမယ့်စကားမျိုးနဲ့ သက်သေပြလို့ ရတာ မဟုတ်ဘူး။ တချိန်တည်းမှာပဲ ၀ီရသူ လို လူမျိုးက မွတ်စလင်မုန်းတီးရေးလှုံ့ဆော်၊ တိုက်ခိုက်တာ ကို ထောက်ခံကြတဲ့ ဆင်ခြင်တုံကင်းမဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေ မှားသလို၊ မမှားကြဖို့ မွတ်စလင်သူငယ်ချင်းတွေ ကို သတိပေးချင်တယ်။ တကယ့်တိုက်ရမယ့် တန်းတူညီမျှ နိုင်ငံသားအခွင့်အရေး တိုက်ပွဲ ကိုသာ ဦးတည်ပါ။ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာတိုင်းနယ်နမိတ်ကို ထိပါးဖို့ ရည်ရွယ်ချက် လုံးလုံးလားလား မရှိတဲ့ ဘယ်မွတ်စလင်နိုင်ငံသားမဆို ရိုဟင်ဂျာ အရေးဟာ ပညာရှင်တွေ ဖြေရှင်းရမယ့်ပြဿနာ၊ နိုင်ငံရေးပြဿနာမဟုတ်ဘူး လို့ခွဲခြားသုံးသပ်နိုင်ကြမယ် မျှော်လင့်ပါတယ်။ ချိုတူးဇော်

No comments: