Friday, March 21, 2014

"""ခေါင်းစဉ်မမှားပါဘု . . .""" ထေရ၀ါဒ ကို အယုံအကြည်မရှိ ဆိုတာ ခေါင်းစဉ် လွဲသွားတာ မဟုတ်ပါဘူး။ ခေါင်းစဉ် က အဓိကပါ။ သေချာ စဉ်းစားကြစေလိုပါတယ်။ ခင်ဗျားတို့ ကျနော်တို့ ကိုးကွယ်တာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ၀ါဒ ဆိုရင်၊ မြန်မာပြည် သာသနာရေးဝန်ကြီးဌာနက ကို အတိအလင်းကြေညာထားတဲ့ မြန်မာပြည် ရဲ့ ဗုဒ္ဓသာသနာဟာ ထေရ၀ါဒ ဖြစ်တယ် လို့ ဆိုပါတယ်။ အဲဒီ ထေရ၀ါဒနည်းလမ်းတကျမှသာ သာသနာစစ်တယ်လို့ သတ်မှတ်ပြီး၊ စိစစ်၊ လွဲချော်သော အယူဝါဒတို့ကို အဓမ္မ၀ါဒ သတ်မှတ် ကာ သာသနာတော်မှ ဖယ်ရှား ရုံမက၊ အရေးယူအပြစ်ပေးမှုတွေတောင် ရှိပါတယ်။ ဒါတွေကို စိစစ်ဖို့ သံဃာမဟာနာယကအဖွဲ့ကြီး ဆိုတာလဲ အင်မတန်မှ ကျမ်းတတ်၊ ပေတတ်၊ သိက္ခာကြီး၊ ၀ါကြီးသော ရဟန်းကြီးများကို နိုင်ငံတော်အစိုးရ ကနေ ဘွဲ့တံဆိပ်တော်ကြီးတွေ ဆက်ကပ်ပြီး၊ ဖွဲ့စည်းပေးထားပါသေးတယ်။ ဒီလို ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကြီးနဲ့အညီ ထွန်းကားနေတဲ့ တိုင်းပြည်မှာ တချို့သော ရဟန်းတို့ ဘောပွဲကြည့်၊ ချဲထိုး၊ ချဲတွက်၊ ရုပ်ရှင်ရုံတိုး၊ စတိတ်ရှိုးတိုး၊ ဒါ့ထက်ဆိုး၊ ရည်းစားထား၊ အရက်သောက်၊ -ါချ၊ ဒီလိုတွေသာမက၊ ဗုဒ္ဓ၏ လမ်းစဉ်နဲ့ ဖီလာဆန့်ကျင်ဘက် တခြားသော ဘာသာများကို ပုတ်ခတ်၊ ရန်ဒေါသ၊ လောဘ၊ မောဟ တို့ကို ပွားများအောင် လှုံ့ဆော်ဟောပြော၊ ဒါ့ထက်မက တုတ်တပြက်၊ ဓါးတပြက် ကိုယ်တိုင် ကိုယ်ထိလက်ရောက်ကျူးလွန်၊ ဒါတင်မက တရားစီရင်ရေး၊ ဥပဒေပြုရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အိမ်ထောင်သားမွေးရေးတို့မှာပါ စွက်ဖက်၊ အတိအလင်းကို လုပ်ဆောင်နေကြသော ထိုထိုရဟန်းတို့ ရှိပါလျှက် အရေးယူမည့် အစိုးရအာဏာပိုင် သာသနာရေးဝန်ကြီးဌာန ဆိုသည်မှာလဲ မရှိ၊ အရေးယူမည့် သံဃာနာယကအဖွဲ့အစည်းဆိုသည်မှာလဲ မရှိသောကြောင့် နိုင်ငံတော်မှကို အားပေးအားမြှောက်ပြုနေသော ထေရ၀ါဒနှင့်ညီသောကြောင့် ဟုသာ အောင့်မေ့မိပါသောကြောင့်၊ ထိုထို ထေရ၀ါဒသည်လဲ ဗုဒ္ဓ၀ါဒနဲ့ မညီ ဟု ထင်မှတ်မိပါကြောင်း၊ အယုံအကြည်မရှိ ရပါကြောင်းဗျာ။ ဒါတင်မက ထိုထိုသော ရဟန်းကြီးတို့ ပွဲကြီး ပွဲငယ်တို့ဖြင့် တရားပွဲများကျင်းပ၊ တပွဲ လျှင် သိန်းဆယ်ဂဏန်း၊ သိန်းရာဂဏန်းသတ်မှတ်၊ တောင်းယူနေကြကြောင်းကြားသိရပါသောကြောင့်၊ အံ့ဖွယ်သရဲ ဖြစ်ရပြန်ပါတယ်။ တရားသေနာပတိ ရှင်သာရိပုတြာမထေရ်ကြီးအမှူးပြုသော၊ ရှင်အနုရုဒ္ဓါ၊ ရဟန်းတို့၏အကိုကြီး အရှင်မဟာကဿပ္ပ တို့သည်ပင်လျှင် ထိုထိုသို့ကြေးများ ယူခဲ့ပြီး၊ ဟောကြားခဲ့သည် ဟု မည်သည့် ဗုဒ္ဓ၀ါဒမှာမှ မကြား၊ မနာ၊ မဖတ်၊ မရှုဖူးခဲ့။ ရဟန်းတို့အနေဖြင့် သုံးစုံသော သင်္ကန်းနှင့်၊ ပရိက္ခရာရှစ်ပါးကိုသာ ဆောင်ဖို့လို၊ မည်သို့သော လောကီအသုံးအဆောင် ကိုမှ တပ်မက်ခြင်းမရှိရ ဟု ဗုဒ္ဓ က ဆုံးမခဲ့သည် ကိုသာ နာကြားဖူးပါသောကြောင့်၊ ထိုထိုသို့ ၀င်ငွေ ရှာဖွေသည်မှာ၎င်း၊ ထိုထိုသို့ ရဟန်းတို့ကို နိုင်ငံတော်မှပင် ကမကထပြု လက်ကိုင်ဖုန်းများ ချ ပေးခြင်းသည်၎င်း၊ မော်တော်ယာဉ်များ ဆက်ကပ်ခြင်းသည်၎င်း စသဖြင့် ပြုနေသည်များကို ကြားသိရပါကြောင့်၊ ဗုဒ္ဓ၀ါဒနဲ့ အတော်ပင် ဆန့်ကျင်သော ထေရ၀ါဒပါတကား ဟု အောင့်မေ့မိကာ၊ ထေရ၀ါဒ ကို အယုံအကြည်ကင်းမဲ့ မိရပါတယ်။ ထို့ထက်မက ရဟန်းကြီးတို့ တရားခွေများ မူပိုင်ဖြင့် ရောင်းချ ဖြန့်ဖြူးခြင်း၊ တရားစာအုပ်များကို ပုံနှိပ်ထုတ်ဝေ ရောင်းချခြင်း တို့ဖြင့်လည်း သိန်းပေါင်းများစွာ ၀င်ငွေ ရှာဖွေကြကြောင်း သိရပြန်ပါတယ်။ သံဃာ ဆိုသည့် ရဟန်းတို့အနေဖြင့် လူတို့ကဲ့သို့ စီးပွားလုပ်ငန်းများ လုပ်ကိုင်ခွင့် ရှိ၊ မရှိ၊ အကယ်၍ ထိုထိုသော လုပ်ငန်းတို့သည် အများပြည်သူအကျိုးအတွက် ပရဟိတ လှူ ဒါန်းဖို့ ဆိုပါလျှင်၊ အများသူငါ အန်ဂျီအိုအဖွဲ့အစည်းတို့ကဲ့သို့ စာရင်းအင်းစနစ်တကျ စစ်ဆေးဖို့ လိုမလို၊ အမြတ်ခွန်ကောက်ဖို့ လိုမလို၊ (စီးပွားရေး လုပ်ငန်းဆိုမှဖြင့်)။ ရဟန်းများအနေဖြင့် မိမိတို့ ကိုယ်ပိုင်(ဗုဒ္ဓ၏ တရားများဖြစ်စေကာမူ) ဟောကြား၊ ရေးသားရသမျှ၊ ဒါယကာ၊ ဒါယိကာမ တို့ လှူဒါန်းသမျှ လွတ်လပ်စွာ ကိုယ်ရေးကိုယ်တာ သုံးစွဲခွင့်၊ ရှိသည် ဟု ထေရ၀ါဒမှာ ပြဋ္ဌာန်းထားသည် ဆိုပါလျှင် ဗုဒ္ဓပြဋ္ဌာန်းသော ဥစ္စာသယန၊ မဟာသယန ပုဒ်ဖြင့် ဖီလာ ကြီး ဆန့်ကျင်ပါသောကြောင့်၊ အံ့ဘနန်းဖြစ်ရပြန်ပါသေးတယ်။ ထိုထိုသော ငွေကြေးတို့ဖြင့် စီးပွားလုပ်ဆောင်ခွင့် ရှိသည်ဆိုပါက၊ ငယ်စဉ်ကလေးမှ စ၍ လူတို့ရွေးချယ်လေ့ ရှိကြသော ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ စစ်ဗိုလ် စသော အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများအနက်၊ ဘုန်းကြီးအလုပ် ဟာ ၀င်ငွေအမြင့်ဆုံး၊ ညကြေးအမြင့်ဆုံး၊ အလုပ်အဖြစ်၊ နောက်မျိုး ဆက်သစ်များအကြား ရေပန်းအစားဆုံး ဖြစ်လာနိုင်သဖွယ်လည်း ရှိပါတယ်။ မိမိအနေဖြင့်တော့ ဗုဒ္ဓ၀ါဒ ကိုသာ ဦးလည်မသုံ ယုံကြည် ကိုးကွယ်ပါသောကြောင့် ထိုထိုသော အချက်များကို နိုင်ငံတော်အစိုးရ နှင့် သံဃာမဟာနာယက ကိုယ်တိုင် အားပေးအားမြှောက်ပြုနေသည် ဟု ယူဆမိပါသောကြောင့် ထိုထိုသော ထေရ၀ါဒအား အယုံအကြည် မရှိရပါကြောင်း အဆိုတင်သွင်းရပါတယ်။ ချိုတူးဇော် (ဗုဒ္ဓ၀ါဒီ)

No comments: