Friday, March 21, 2014

ဘက်မလိုက် ဂျာနယ် အတွဲ(၁) အမှတ် (၄) အယ်ဒီတာစကားဖြစ်ပါတယ်။ "မျိုးစောင့်က မျိုးဆောင့်မဖြစ်စေချင်" မျိုးစောင့်ဥပဒေကို မွတ်သိပ်မှုတွေနဲ့အတူ ထုဆစ်မှုတွေလည်း အစပြုနေပါပြီ။ အမည်ပညတ်တွေရဲ့ ပကာသန အရေခွံဟာ စွဲလန်းစရာတော့ အကောင်းသား။ ချစ်တာတွေ၊ စောင့်ရှောက်မှာတွေက သကာလူးတဲ့ အသံတွေမို့ နားဝမှာ သံစဉ်ချိုမြ ကြည်အေးလှရဲ့။ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်ဆိုတဲ့ စည်းတွေတောင် ခါးသက်လို့ လာသယောင်ယောင်။ အာဏာတိမ်ရိပ်မည်းတွေ အငြိုးတကြီး မင်းမူစဉ်တုန်းကလူ့အခွင့်အရေးဟာ ကုမုဒြာပန်း လကိုလွမ်းသလို တမ်းတမြည်ကြွေး စရာ တစာစာဖြစ်ခဲ့ဖူးပါရဲ့။ ဆန်္ဒတစ်ခု သွေးတောင်းလာတော့လည်း လရောင်ကို နှောင့်ရန်ကောလို့ မလိုမုန်းထားကြပြန်လေရော။ ဒီလိုနဲ့ မျိုးစောင့်နဲ့ လူ့အခွင့်အရေးကြားမှာ လွန်ဆွဲမှုတွေရှိလာကြသလို သဟဇာတကို ရှာလိုသူတွေလည်းရှိနေကြပါတယ်။ “စောင့်လေမျိုးနွယ်”ဆိုတာ ဘုရားရှင်အလိုကျသားသမီးတို့ ကျင့်ဝတ်ဖြစ်ကြောင်း မူလတန်းကစလို့ ကောင်းကောင်း သိခဲ့ကြ တယ်။ သွေးမနှောစေဖို့လား။ သွေးစစ်၊ မျိုးစစ်မှ မျိုးချစ်မှာမို့လား သို့လော သို့လောတွေနဲ့။ လမင်းကို လက်ညိုးထိုးပြပေမဲ့ လက်ညိုးကိုပဲ မဲကြည့်တတ်ကြတာလည်း ဖြစ်တတ်တဲ့သဘာဝပါ။ “သွေးစစ်သူ ဘယ်သူလဲ”။ ဒီမေးခွန်းကို ဖြေပြဖို့ ဟစ်တလာခမျာလည်း အိပ်မက်တွေ အရောင်မပြောင်ခဲ့ဘူး။ နာမည်ဆိုးသာ သမိုင်းမှာ ချန်ခဲ့ရတယ်။ သိပ္ပံရဲ့အလိုအရတော့ လက်ရှိကမ္ဘာသားအားလုံး သွေးနှောချည်းတဲ့။ ပျူ၊ ကမ်းယံ၊ သက် ပေါင်းဖက်တော့ ဗမာ။ အဲဒီဗမာက ရှမ်း၊ မွန်၊ ကရင်၊ ရခိုင်စတဲ့ တိုင်းရင်းသားတစ်ခုခုနဲ့ သွေးနှောပေါင်းယှက် သွားတာတွေလည်း လက်ညိုးထိုးမလွဲ။ ပညတ်အခေါ် အဝေါ်တွေရဲ့အလွန်မှာ လူသွေးစစ်၊ လူချင်းချစ်ရင် လူ့ကမာငြိမ်းချမ်းပြီလို့ စောဒက၀င်သူတွေလည်း မှိုပွင့်တွေလို ခေါင်းထောင်ထခဲ့။ လူ့အခွင့်အရေးဆိုတာ ကိုယ်မနာ - သူမနာစေတဲ့ ကျင့်ဝတ်။ လူချစ်စိတ်ဟာ အဲဒီကျင့်ဝတ်ကိုဝါသနာ ဖြစ်စေတယ်။ ဒါဆို ဘယ်မှာလဲ ပဋိပက္ခ၊ ၀ိရောဓိတို့ရဲ့နေရာ။ “လူနဲ့လူချင်း မပေါင်းသင်း၊ လူနဲ့လူချင်း စည်းတားခြင်းကိုသာ မျိုးစောင့်တရားလို့ ခံစားဖွင့်ဆိုကြည့်ပြန်တော့ အဖေအရင်းက သမီးအရင်းကို သားမယားပြုကျင့်ဆိုတဲ့ သတင်းမျိုး ဒီ ၁နှစ်၊ ၂နှစ်အတွင်း ၂ ခု ၃ခုမက ကြားလာရတဲ့အခါ အမျိုးစောင့်ဖို့ဆိုတာက သံကွန်ခြာ ၇ ထပ်နဲ့ သော့ခတ်၊ ကင်းဝတ်လှည့်ဖို့ မဟုတ်ဘဲ ကိုယ်ကျင့်သိက္ခာနဲ့ အမျိုးဂုဏ်စောင့်ထိန်း တတ်နိုင်ဖို့က အဓိက ကျပါလား ဆိုတာ ထင်ရှားလာပါတယ်။ သော့နဲ့ မစောင့်ဘဲ တရားနဲ့စောင့်ကြရမှာ မဟုတ်လား။ တရားပျက်ရင် ဘယ်အမျိုးမဆို ယုတ်ညံ့သိမ်ဖျင်းသွားစေပါတယ်။ အသေအချာစိစစ်လိုက်ပြန်ရင် “အမျိုးစောင့်လား”၊ “ဘာသာစောင့်လား” ဆိုတာလည်း ရည်ညွှန်းချက်ေ၀၀ါးနေဆဲပါ။ မြန်မာပြည်မှာ လူမျိုးနဲ့ဘာသာ လေနဲ့ဝမ်းမကွဲတာက အခြေခံ လူတန်းစားကနေ ဟိုးထိပ်ဆုံးအဆင့်အထိ။ အရောရော အနှောနှော သတ်မှတ် နားလည်ထားကြတာ နှစ်ပရိစ္ဆေဒ ကြာခဲ့ပြီ။ အချိန်တန်ရင် ပျောက်ပျက်ရမယ့် သင်္ခါရသဘောမှာ ဘယ်လူမျိုးကို ကင်းလွတ် ပလပ်ခွင့်ရှိကြောင်း ဘယ်ဘုရားက ဟောကြား တော်မူဖူးပါသလဲ။လူမျိုးမပြောနဲ့ ဘာသာတောင်မှ expire date ရှိနေသေးတာပဲ။ ဒါပေမဲ့ သိက္ခာရှိစွာ၊ ဂုဏ်ရှိစွာ ပျက်သုဉ်းစေ မလား။ သိက္ခာမဲ့စွာ ဂုဏ်နိမ့်စွာ ပျက်သုဉ်းမလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။ မျိုးနွယ်ဂုဏ်ကို ကိုယ်ကျင့်သိက္ခာနဲ့ ထိန်းစောင့်ခြင်းသာ “စောင့်လေမျိုးနွယ်”ရဲ့ မြားဦးညွှန်ရာပါ။ ကုရုဓမ္မဆိုတဲ့ ငါးပါးသီလသာ မျိုးစောင့်တရား အစစ်အမှန်ပါ။ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်လို့ တချို့ကတော့ ဒါဟာ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေကို စော်ကားရာရောက်တယ်၊ စည်းမရှိကြလို့ ဥပဒေထုတ်ပြီး တားယူရတယ်လို့ ၀န်ခံရာလည်းရောက်တယ်၊ ကိုယ့်ဘာသာတရားကိုကိုယ် ယုံကြည်မှု ကိုယ်ခံအား နည်းကြောင်းကမ္ဘာသိ ကြေညာရာလည်းရောက်တယ် စသဖြင့် သဘောမကြိုက်ညီ ခေါင်းခါငြင်းဆန်သံတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဥပဒေက လက်ထပ်ထိမ်းမြားခြင်းနဲ့ဆိုင်တယ်။ ဖြစ်တည်ရေး ဗိသုကာတွေက ရဟန်းသံဃာတော်များ။ ဗုဒ္ဓဘာသာက အိမ်ထောင်သားမွေး ကိလေသာ အရေးကို အားမပေးတဲ့တရား။ အစပ်အဟပ်မတည့်တဲ့ ဟင်းတစ်ခွက်ဖြစ်ကြောင်း တီးတိုး ဝေဖန်သံ တွေလည်း သဲ့သဲ့ကြားရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဘာသာခြားတို့ရဲ့အန္တရာယ်ကို ကာကွယ်ဖို့ လိုအပ်ချက်တစ်ရပ်အဖြစ် ခိုင်မာတဲ့ သန္နိဋ္ဌာန်ရှင် တွေကလည်း ရှိနေပါတယ်။ ကိလေသာမှာ မျက်စိမရှိကြောင်း၊ ချစ်ခြင်းကတစ်ဆင့် ဘုရားသွား ကျောင်းတက်တူရန်ညှိတဲ့အခါ ယုံကြည်ချက် ခုခံ အားနည်းတဲ့ဘက်က ပါသွားတတ်ကြောင်း ထောက်ပြသူတွေလည်းရှိပါတယ်။ ဒါဆို ကိုယ့်ရင်သွေးတွေ မျိုးဆက်သစ်တွေကို သူတစ်ပါး အကြောင်းမပြောတော့ဘဲ ကိုယ့်အကြောင်းကိုယ်သိအောင်နဲ့ ယုံကြည်ချက်ခုခံအားကောင်းအောင် သွန်သင်ဖြည့်ဆည်းပေးခြင်း သည်သာ အမျိုးစောင့်၊ ဘာသာစောင့်ခြင်း နည်းကောင်းတစ်ရပ်ဖြစ်မှာပါ။ ဘာသာတူတူ မတူတူ၊ လူလူချင်း လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေနဲ့ အခြားမတရားဖိအားပေးမှု၊ အနိုင်ကျင့်မှုအလုံးစုံကို ခိုင်မာတဲ့ဥပဒေ တပြေးညီသတ်မှတ်ပြီးသားရှိရင် မျိုးစောင့်ဥပဒေ သီးခြား မလိုအပ်တော့ဘူးလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဘာသာရေး ပဋိပက္ခတွေရဲ့အရှိန်ကြောင့် မုန်းတီးရေး၊ အထိုး၊ အညှောင့်၊ အပင့်၊ အမြှောက်၊ ပုံကြီးချဲ့၊ အပုပ်ချ၊ အဆင်းဘီးတပ်စာများတသောသော ပေါ်ထွက်နေချိန်၊အမျိုးစောင့်သယောင်နဲ့ အမျိုးဆောင့်နေသူများ၊ အမျိုးချစ်သယောင်နဲ့ အမျိုးနှစ်နေသူများ၊ အမျိုးသားရေးဝါဒီယောင်ယောင် အမျိုးသားသစ္စာဖာက်များ ပေါ်ထွန်းလျက်ရှိပေရာ ဘယ်ခြေလှမ်းက ဘယ်ဦးတည်လဲ၊ အကောင်းလား၊ အဆိုးလားဆိုတာကို သတိကြီးကြီးထားကြည့်နိုင်မှ တော်ရာကျပါလိမ့်မယ်။ နောက်ပြီး စေတနာကောင်းနဲ့လုပ်ရင်တော့ နိုင်ငံသားတိုင်းအတွက် သဟဇာတဖြစ်တဲ့ ဥပဒေမျိုးဖြစ်လာဖို့ မျှော်လင့်နိုင်ပေမဲ့ ဘက်ထွက်ဆိုးကျိုးတွေ ကိုရော ပိတ်နိုင်ပါ့မလား။ ဖွပ်ကာမှ ပိုညစ် ကိန်းဆိုက်လေမလားဆိုတာတွေလည်း သံသယနဲ့ သုံးသပ်ကြည့်သင့်ပါတယ်။ တစ်ချက်လောက် ထောက်ပြရရင် ဘာသာခြားနဲ့ သားမှတ်မှတ်၊ မယားမှတ်မှတ် လက်ထပ်ထိမ်းမြားမှုကို တင်းကြပ်ခက်ခဲစေတဲ့ အခါမြန်မာအမျိုးကောင်းသမီးများ အတွက် နှလုံးသားကိုလည်း သော့ခတ်မထားနိုင်ဘူးဆိုရင် မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ အရာတွေ ရာနှုန်းမြင့်မလာနိုင်ဘူးလားဆိုတာမျိုးပေါ့။ အမျိုးစောင့်သူများ မြော်မြင်ဥာဏ်ကြီးကြရပါလိမ့်မယ်။ မဟုတ်ရင် အမျိုးစောင့်တာ မဟုတ်ဘဲ အမျိုးဆောင့်ရာရောက်ပြီး ရင်အောင့်စရာတွေ ဖြစ်ကြရပါလိမ့်မယ်။ =============== ၂၀၁၄ ခုနှစ် မတ်လ (၂၀) ရက်နေ့ရက်စွဲထုတ် ဘက်မလိုက် ဂျာနယ် အယ်ဒီတာ့ စကားဖြစ်ပါတယ်။ ဘက်မလိုက်သတင်းဂျာနယ်

No comments: