Friday, March 28, 2014

“ သုံးကိုယ်ခွဲ တပ်မတော်” စည်သူအောင်မြင့် မြန်မာပို့စ် ဂျာနယ်၊ ၂၅-၃-၁၄။ လာမယ့် မတ်လ ၂၇ ရက်နေ့ဆို တပ်မတော်နေ့ နောက်တစ်ကြိမ် ရောက်လာပြန်ပါပြီ။ အစိုးရသစ် တက်လာပြီးနောက် အရင်စစ်ခေါင်းဆောင်တွေဟာ တပ်မတော်ကို သုံးကိုယ်ခွဲလိုက်ပါတယ်။ တိုင်းပြည်ရဲ့ ကိစ္စ အ၀၀ အားလုံးကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေကချည်း ရာနှုန်းပြည့် စီမံခန့်ခွဲနေရာကနေ တပ်မတော်၊ အစိုးရအဖွဲ့၊ လွှတ်တော် ဆိုပြီး သုံးကိုယ်ခွဲ စီမံအုပ်ချုပ်တဲ့ ပုံစံကို ပြောင်းလိုက်တာပါ။ ဒီသုံးနှစ်တာ ကာလအတွင်း သုံးကိုယ်ခွဲ တပ်မတော် ဘာတွေ ပြောင်းခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့သလဲ၊ ရှေ့ ဘာတွေ ဆက်လုပ်လာနိုင်သေးသလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သုံးကိုယ်ခွဲ တပ်မတော်မှာ တာဝန်ကျ ခေါင်းဆောင်အသီးသီးဟာ သူ ကျရာနေရာမှာ သူ တာဝန်ကျေကျေ အသုံးတော်ခံခဲ့တာကိုတော့ အားလုံးမြင်တွေ့ကြရမှာဖြစ်ပါတယ်။ ပထမဦးဆုံး အမှတ်ပေးရမှာက အစိုးရအဖွဲ့ကို တာဝန်ယူရတဲ့ သမ္မတ ဦးသိန်းစိန်ပါ။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ အင်အားစု အားလုံးကို နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ခွင့်ပေးခဲ့တာ အပါအ၀င် စီးပွားရေး အပိုင်းမှာလည်း တကယ့် ဈေးကွက်စီးပွားရေး စနစ် ပီပြင်လာအောင် မြန်မြန်ဆန်ဆန် အပြောင်းအလဲလုပ် ဖွင့်ပေးနေတာမို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ချီးကျူး လက်ခုပ်သံတွေ ရခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း နှစ်ပေါင်း ၆၀ ကျော် အဆက်မပြတ် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်နဲ့ ပါတ်သက်ပြီး ပထမ ဦးဆုံး အကြိမ်အဖြစ် သေနတ်သံတွေ တိတ်သွားအောင် တစ်တိုင်းပြည်လုံး လွှမ်းခြုံတဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်တစ်ခု လက်မှတ်ရေးထိုးဖို့ အသည်းအသန် ကြိုးစားနေတာ တွေ့ရပါတယ်။ ပြသနာတွေ နိုင်ငံရေးအရ ပြေလည်သည်ဖြစ်စေ၊ မပြေလည်သည်ဖြစ်စေ၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ခဲ့ရင် ပြည်တွင်းမှာသာမက နိုင်ငံတကာရဲ့ ချီးကျူးလက်ခုတ် သြဘာ ထပ်ပြီး ရဦးမှာဖြစ်ပါတယ်။ ပြောရရင် သမ္မတ အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အောင်မြင်တယ် ဆိုတာပါ။ နောက်တစ်ယောက်ကတော့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းပါ။ သူ့တာဝန်က နှစ်ခုပါ။ လွှတ်တော် နာယက တာဝန်နဲ့ စစ်တပ်ကို ကျောထောက်နောက်ခံထားပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ တာဝန်ယူထားရသူပါ။ အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲသွားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသေအခြာကြည့်ရင် လွှတ်တော်တွေဆိုတာဟာ အစိုးရအဖွဲ့ကို လက်ညှိုးထောင် ခေါင်းငြှိမ့် လောက်ပဲ လုပ်နေရုံ ရတဲ့ လွှတ်တော် ပုံစံအဖြစ် ထည့်သွင်းထားတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းကတော့ အများအမြင်မှာ နိုင်ငံတကာ အမြင်မှာ တကယ့် ဒီမိုကရေစီ နိုင်ငံတွေက လွှတ်တော်တွေလို သက်ဝင်လှုပ်ရှားနေတဲ့၊ အစိုးရအဖွဲ့ကို ထိန်းကျောင်းဖို့ ကြိုးစားနေတဲ့ လွှတ်တော် တစ်ခုအဖြစ် ပီပီပြင်ပြင် ပုံဖော်နိုင်ခဲ့သူ ဖြစ်ပါတယ်။ နဂိုက လူနည်းပေမယ့်လည်း ပြည်သူ့အကျိုးအတွက် လုပ်ပြမယ် ကြွေးကြော်ပြီး လွှတ်တော်ထဲ ရောက်လာတဲ့ အင်န်အယ်လ်ဒီ အမတ်တွေကိုလည်း ပါတီစွဲ ၀ါဒစွဲ မထားကြနဲ့၊ ပြည်သူ့အသံ လွှတ်တော် အသံ ဆိုတဲ့ ချိုမြိန်တဲ့ သူရဦးရွှေမန်းရဲ့ သြ၀ါဒ အောက်မှာ ဘာ ထူးခြား ဆန်းသစ်တဲ့ လုပ်ရပ်တွေမှ လုပ်မပြနိုင်ဖြစ်နေတာလည်း တွေ့ရပါတယ်။ တိုင်းပြည်အတွက် အနစ်နာခံ၊ ဒုက္ခသုက္ခခံရင်း ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားမယ် ဆိုတဲ့ ကတိစကားနဲ့အတူ လွှတ်တော်ထဲ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲ မတိုင်ခင် ၆ လ အလို ဖွဲ့စည်းပုံပြင်မယ့် ဥပဒေကြမ်း အတည်ပြုပြီးဖြစ်မယ်၊ ဖွဲ့စည်းပုံပြင်တဲ့အခါ တပ်မတော်ကို ဒီမိုကရေစီ ဘောင်နဲ့ လိုက်လျောညီထွေ အဆင့်ရှိအောင် ပြောင်းဖို့ ဘယ်လို လုပ်ရင်ကောင်းမလဲ ဆိုတာမျိုးပါ စဉ်းစားပါ ဆိုတဲ့ အားရစရာ မျှော်လင့်ချက် စကားလုံးတွေနဲ့ နှစ်သိမ့်ရင်း ရှေ့တိုးရခက် နောက်ဆုတ်ရခက်အောင် စွမ်းဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ လေးပွင့်ဆိုင် တွေ့ဆုံပွဲအတွက် အမြဲတန်း အသင့်ရှိနေတယ်ဆိုတဲ့ တုန့်ပြန်မှုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာရုံကို စောသေးတယ်ပြောတဲ့ သမ္မတ နဲ့ တိတ်တဆိတ်နေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့နှစ်ယောက်ဘက် ပြောင်းသွားအောင် လှည့်ပေးနိုင်သူ အဖြစ်နဲ့လည်း ချီးကျူးထိုက်သူ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ လွှတ်တော်တွင်းမှာ မနက်ဖန် သန်ဘက်ခါပဲ အင်န်အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုးပါတီ ပူးပေါင်းပြီး တပ်မတော်ကို ဖိအားပေးပြီး ဒီမိုကရေစီရေးဘက် ရှေးရှုတော့မယောင် သတင်းကြီးငယ်တွေ ထွက်လာသည်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးမှု ပုံရိပ် တည်ဆောက်ရင်း အင်န်အယ်လ်ဒီ ပါတီဝင်တွေကိုေ၀၀ါးသွားအောင် စွမ်းဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိ ပင်မ တပ်မတော်ကိုကြီးကို တာဝန်ယူရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း တပ်မတော်ရဲ့ အဓိက တာဝန်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ် ဆိုတာ ပြောပြီး လက်ရှိ တပ်မတော်ရဲ့ အဓိက တာဝန်ကို မျက်ခြေ မပြတ်တဲ့သူတစ်ယောက် အဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် တပ်မတော်ကို အရင်ကထက် ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ရင်း တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်လက်မှတ်ထိုး၊ သေနတ်သံတွေ တိတ်အောင် လုပ်ရမယ့်ကိစ္စ သမ္မတ ဦးသိန်းစိန်နဲ့ အတူ တက်တက်ကြွကြွ လိုက်ပါ အကောင်အထည်ဖော်နေသူ ဖြစ်ပါတယ်။ ပြောရရင် သုံးကိုယ်ခွဲထားတဲ့ တပ်မတော်ဟာ သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ သူတို့ သွားလိုတဲ့ အပြောင်းအလဲကို ပီပီပြင်ပြင် အောင်အောင်မြင်မြင် ဖော်ဆောင်နေတာ တွေ့မြင်ရပါတယ်။ ဒါပေမယ့် မေးစရာ မေးခွန်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အခွင့်အာဏာတွေအတိုင်း ၂၀၁၅ အလွန်မှာရော ခုလိုပဲ တိုင်းပြည်ကို သုံးကိုယ်ခွဲပြီး အုပ်ချုပ်သွားမှာလား ဆိုတာပါ။ အဲဒီလိုပဲ ဆက်သွားဖို့ ကြိုးစားမယ် ဆိုရင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု အဖြစ် ပီပြင်ဖို့ ဝေးလို့ “ တပ်မတော်က ဦးဆောင်သော ဒီမိုကရေစီ ” ဆိုတာတောင် ဖြစ်ပေါ်လာဖို့ လမ်းမမြင်ပါဘူး။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်နိုင်မှာ မဟုတ်တဲ့အပြင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးလည်း အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ ဖော်ဆောင်မှုတောင် ရပ်တန့်ကောင်း ရပ်တန့်သွားနိုင်ပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၅ အလွန်မှာ “ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု” မဖော်ဆောင်နိုင်သေးရင်တောင် “ တပ်မတော်က ဦးဆောင်တဲ့ ဒီမိုကရေစီ တိုင်းပြည်” အဖြစ်လောက်တော့ ပီပြင်အောင် အကောင်အထည် ဖော်သင့်ပါတယ်။ ရှင်းလင်းအောင် ပြောရရင် ၂၀၁၅ အလွန်မှာ သြဇာအာဏာကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်နဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်တဲ့ သမ္မတ တစ်ယောက် အတူ အုပ်ချုပ်နိုင်တဲ့ အနေအထားဖြစ်အောင် လမ်းဖွင့်ပေးဖို့ လိုပါတယ်။ ဒီအတွက် ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံကို အဲဒီ အခြေအနေ ဖြစ်အောင် ပြင်ပေးဖို့ ဖြစ်ပါတယ်။ တိတိကျကျ ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒုသမ္မတ သုံးယောက်ထဲကနေ သမ္မတ ရွေးချယ်ရာမှာ တပ်မတော်သား အမတ်တွေ မပါဝင်ပဲ ရွေးကောက်ခံတွေကပဲ ရွေးချယ်စေရေး ပြင်လိုက်ဖို့ ဖြစ်ပါတယ်။ ပုဒ်မ ၆၀ ကို နည်းနည်းလေး ပြင်လိုက်ဖို့ပါ။ ဒီအချက်ကို ပြင်ဖို့ တပ်မတော်ဘက်က ကမကထ လုပ်ပြီး အဆိုပြုဖို့ လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ အလွန်မှာ တပ်မတော်ဟာ တိုင်းပြည်ကို ရာနှုန်းပြည့် စီမံခန့်ခွဲနိုင်အောင် သုံးကိုယ်ခွဲ ဆက်အုပ်ချုပ်ဖို့ ကြိုးစားမှာမျိုးထက် “ တပ်မတော်က ဦးဆောင်တဲ့ ဒီမိုကရေစီ တိုင်းပြည်” အဆင့်ရောက်လာအောင် အစ ပြု လုပ်ကိုင်သင့်ပါကြောင်း၊ ဖွဲ့စည်းပုံ ထဲက ပုဒ်မ ၆၀ ပါ အချက် ပြင်နိုင်အောင် ကမကထ ပြုသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ စည်သူအောင်မြင့်။

No comments: