Saturday, March 29, 2014

"ဗုဒ္ဓဘာသာတွေ ဘယ်ရောက်သွားကြသလဲ" *********************************************** အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာတော် ကွယ်ပျောက်ရခြင်းရဲ့ နံပါတ်(၁) အချက်မှာ သာသနာတော်၏ ဝိညာဏ်သဖွယ်ဖြစ်သော ရဟန်းတော်များ အစတုံးခဲ့ရခြင်းကြောင့် ဗုဒ္ဓသာသနာ ကွယ်ပရခြင်း ဖြစ်ပါတယ်။ အနည်းငယ်လောက် ရှင်းပြပါ့မယ်။ သာသနာဆိုတာ အသက်မရှိသော နာမပညတ်တစ်ခုမျှသာ ဖြစ်ပါတယ်။ သာသနာကို ပြုစုစောင့်ရှောက်မည့် ပုဂ္ဂိုလ်များ ရှိမှသာလျှင် ဗုဒ္ဓသာသနာဟာ တည်မြဲနိုင်ပါတယ်။ စည်ပင်နိုင်ပါတယ်။ သာသနာတော်ကို ကြာမြင့်စွာ စည်ပင်ပြန့်ပွားနိုင်ရေးမှာ သာသနာ့ဝိညာဏ်သဖွယ် ဖြစ်သော ရဟန်းသံဃာများဟာ အလွန်အရေးကြီးလှပါတယ်။ ဗုဒ္ဓသာသနာတော်အထဲရှိ တရားတော် အဆီအနှစ်တွေဟာ သာနာပြုပုဂ္ဂိုလ်တွေအပေါ်မှာ တည်ရပါတယ်။ သာသနာပြုပုဂ္ဂိုလ်များရဲ့ ဟောကြားမြွတ်ဖော် တရားတွေဟာ သာသနာတော်ကို မှီတင်းခိုလှုံကြကုန်တဲ့ လူပုဂ္ဂိုလ်တွေရဲ့အပေါ်မှာ တည်ရပါတယ်။ သို့မှသာလျှင် ဗုဒ္ဓသာသနာတော်မြတ်ကြီးလည်း စည်ပင်နိုင်ပါတယ်။ ပြန့်ပွားနိုင်ပါတယ်။ ကြားမြင့်စွာ တည်မြဲနိုင်ပါတယ်။ အရပ်ဒေသတစ်ခုမှာ သာသနာတော်ကြီးရဲ့ တံခါးမှူးနှင့်တူတဲ့ ရဟန်းတော်များ မရှိဘူးဆိုလျှင် သာသနာတော်ကို မှီတင်းခိုလှူံကြကုန်တဲ့ လူတို့ဟာလည်း တရားတော်တည်းဟူသော ကျင့်စဉ်မှ ချို့ယွင်းသွားကြပါတယ်။ လစ်ဟင်းသွားကြပါတယ်။ အဲသည်လို လစ်ဟင်းသွားကြမယ်ဆိုလျှင် မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်တဲ့ သာသနာတော်မြတ်ကြီးမှာ ဆုတ်ယုတ်သုဉ်ဖျင်းလာပါတယ်။ အဆုံးမှာတော့ ကွယ်ပခြင်းသို့ ရောက်ရပါတယ်။ ခရစ်နှစ် ၁၁၉၃- ခုနှစ်မှာ မဂဓနယ်တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခိုက်ကြတဲ့ ဘတ်တီယာခိလဂျီ အမှူးရှိသော လူမျိုးခြား ဘာသာခြားစစ်သားတွေဟာ လူသာမန်တို့ကို သတ်ဖြတ်ညှဉ်းဆဲသည်ထက် ဗုဒ္ဓဘာသာ၏ ဝိညာဏ်သဖွယ်ဖြစ်သော ရဟန်းတော်တို့ကိုသာ အစပျောက်သုတ်သင်ခဲ့ကြပါတယ်။ အဲဒီခေတ်တုန်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများမှာ လူဝတ်ကြောင်လဲပြီး အသွယ်ဖျောက်နေထိုင်ရန် အတော်ပင် ခဲယဉ်းပါတယ်။ ရဟန်းတော်များဟာ လူဝတ်ကြောင်ကို လဲရုံမျှဖြင့် သိက္ခာမကျနိုင်ဟု သိသော်လည်း အဲဒီခေတ်တုန်းက သံဃာတော်အရှင်မြတ်တို့မှာ ယခုခေတ် သံဃာတော်အရှင်မြတ်တို့ထက် ဆထက်ထမ်းပိုး ပိုမို၍ အယူသည်းတတ်ကြပါတယ်။ ဝိနည်းသိက္ခာပုဒ်တော်ကိုလည်း သာလွန်ကြောက်ရွံ့ ရိုသေကြပါတယ်။ သေးငယ်သော လဟုကအာပတ်ဖြစ်စေကာမူ သင့်မိပါက ပါရာဇိကတမျှ ကြောက်ရွံ့ကြပါတယ်။ ဤ၍ဤမျှ သိက္ခာပုဒ်တော်တွေကို ကြောက်ရွံ့ရိုသေကြသည့်အတွက် သံဃာတော်တွေဟာ ဘာသာခြားတို့ သတ်ဖြတ်သည်တိုင်အောင် လူဝတ်ကြောင်ကို လဲကာ ကိုယ်ပျောက်မခံကြတော့ဘဲ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလျှက် သေပွဲဝင်ကြရကုန်ရှာပါတယ်။ ပါရမီနုနယ်သော သံဃာတော်အချို့မှာလည်း လူထွက်ကြရပါတယ်။ ဘာသာခြားမွတ်ဆလင်တို့ဟာ ဝါဝါမြင်သမျှ သတ်ဖြတ်ကြလေရာ သံဃာတော်ဟူသမျှ မြူမှုန်မကျန် ပျံလွန်တော်မူကြရရှာပါတယ်။ ကုသိုလ်ရေး၊ ဒါနရေး၊ စသည်တွေမှာ မပါလျှင် မပြီးတဲ့ အလွန်အရေးကြီးတဲ့ သံဃာတော်များ အစတုံးပြီးဖြစ်ရကား ကျန်ရှိသူ ဒါယကာ ဒါယိကာမတို့မှာ တဖြည်းဖြည်း အခြားဘာသာများသို့ သက်ဝင်ယုံကြည်သွားကြပါတယ်။ ဤပုံဤနည်းဖြင့် အိန္ဒိယမှာ သာသနာ တစ်စ တစ်စဖြင့် နောက်ဆုံး ကွယ်ပျောက်သည်အထိဖြစ်ခဲ့ရတာပါ။ ဆက်လက်ရေးသားပါဦးမည်။ ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: