Sunday, March 30, 2014

စစ်တပ် ရပ်တည်မှု လုံးဝ မပြောင်းလဲကြောင်း ကာကွယ်ရေး ဦးစီးချူပ် အတည်ပြု လင်းသန့် မြန်မာ့တပ်မတော် အနေနဲ့ တိုင်းပြည် အာဏာသိမ်းခဲ့ရမှုများက မှန်ကန်တဲ့ လုပ်ရပ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၆၉ ကြိမ်မြောက် တပ်မတော်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ စစ်တပ်အနေနဲ့ လုံးဝ မပြောင်းလဲသေးဘူးဆိုတာ ကာကွယ်ရေး ဦးစီးချူပ်က အတိအလင်း ပြသလိုက်တာပါပဲ။ တိုင်းပြည် အန္တရာယ် ကျရောက်တော့မှာ ဖြစ်တဲ့အတွက် ကယ်တင်ရတယ်လို့ အကြောင်းပြခဲ့ပေမယ့်၊ တကယ်တမ်း စစ်ခေါင်းဆောင်တွေရဲ့ အာဏာရလိုမှု သက်သက်နဲ့ လုပ်ဆောင် ခဲ့ကြတာပါ။ လူတစု၊ လူတဖွဲ့ အာဏာကို ကိုင်စွဲထားနိုင်ရေး မြန်မာ့တပ်မတော်ကို လက်ကိုင်တုတ်အဖြစ် အသုံးချခဲ့ခြင်းဟာ တပ်မတော် ခေါင်းဆောင်ဟောင်းတွေရဲ့ မှားယွင်းတဲ့ ရပ်တည်ချက် တွေပါပဲ။ တိုင်းပြည် ဒီမိုကရေစီ တည်ဆောက်နိုင်ရေးမှာ တပ်မတော် အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ အများအပြား လိုအပ်နေသလို နိုင်ငံတော် လုံခြုံရေး၊ ပြည်သူ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ ရှေ့က စစ်အာဏာရှင်များ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့အမည်ကို ထည့်သွင်း ပြောဆိုမှုဟာ လက်ရှိ တပ်မတော်က ဒီမိုကရေစီကို ကာကွယ်မှာ မဟုတ်ဘူးလို့တောင် မှတ်ယူနိုင်ပါတယ်။ “လူသား လုံခြုံရေးနဲ့ စံပြုရမယ့် တပ်မတော် ဖြစ်ရေးကို တည်ဆောက် နေတယ်ဆိုတဲ့” ကာချုပ်ရဲ့ ပြောဆိုချက်ဟာ အရင်နဲ့မတူ ကွဲပြားတဲ့ ပြောဆိုချက်ပါ။ ကျေးလက်ပြည်သူတွေရဲ့ လယ်ယာမြေတွေကို စစ်တပ်က အဓမ္မ သိမ်းဆည်းပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို လက်ဆင့်ကမ်း ရောင်းချပေးမှုတွေက ကျေးလက် ဒေသခံတွေ အတွက် ဆင်းရဲတွင်း ပိုနက်စေပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတော့ တပ်မတော်သည်လည်း အတိတ်ဆိုး၊ သမိုင်းဆိုးထဲက ရုန်းထွက်လာပြီလို့ ယူဆချက်တွေ ရှိပါတယ်။ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေမှာ တပ်မတော် မပါဘဲ မဖြစ်နိုင်သလို၊ တပ်မတော်က အဓိက အခန်းကဏ္ဍက ပါဝင်နေတယ် ဆိုတာလည်း မငြင်းနိုင်ပါဘူး။ တပ်မတော် ခေါင်းဆောင်တွေ စိတ်ကြိုက် ရေးဆွဲထားပြီး၊ စပ်တပ်ကို အကာအကွယ် ပေးထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော် အနေနဲ့ ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတာ မဆန်းပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အရလည်း ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားတဲ့တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ လွှတ်တော်တွေထဲ ရွေးကောက်ခံစရာ မလိုပဲ ပါဝင်ခွင့် ရတာကြောင့် အရပ်သား လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ ပြင်ချင်ရင်တောင်မှ တပ်မတော်က ခွင့်မပြုရင် အခြေခံ ဥပဒေကို ပြင်ဆင်လို့ မရပါဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အရပ်သား လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း အပြင်၊ စစ်သား ကိုယ်စားလှယ် တဦးက ထောက်ခံခဲ့ရင်တော့ လူထုဆန္ဒ သဘောထား ခံယူပွဲလုပ်ပြီး မဲပေးသူ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ဖွဲ့စည်းပုံ ပြင်ဆင်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခန်း ၁၂ ပုဒ်မ ၄၃၆ က ပြဋ္ဌာန်းထားချက်ကြောင့်ပါ။ ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်နေ့ မိန့်ခွန်းမှာ ဖွဲ့စည်းပုံ ပြင်ဆင်မယ်ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ အတိုင်းသာ လုပ်ဆောင်ရမယ်လို့ ပြောဆိုလိုက်တာဟာ စစ်တပ်က ဖွဲ့စည်းပုံ မပြင်လိုကြောင်း သရုပ်မှန် ပေါ်လွင်စေပါတယ်။ အလားတူ သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆက်ရှိနေရမယ်လို့ အစိုးရ ၃ နှစ်ပြည့် ပြည်ထောင်စု လွှတ်တော် မိန့်ခွန်းမှာ ပြောဆိုထားခဲ့ ပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ တသားတည်း ရှိမှုကို ဖော်ပြကြတာပါပဲ။ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” လို့ မြန်မာ့တပ်မတော်က အမှန်တကယ် သတ်မှတ်ထားမယ် ဆိုရင် တိုင်းပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အကောင်းဆုံး ဖြစ်မှာပါ။ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိုင်းပြည် ဖွံ့ဖြိုးမှု အဖက်ဖက်က နောက်ကျခဲ့ရတဲ့ အတွက် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အပစ်အခတ် ရပ်စဲရေး အရေးကြီးတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုနေပေမယ့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် ဒေသတချို့မှာ စစ်ပွဲတွေက အခုအချိန် အထိ ဖြစ်ပွားနေဆဲပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး အောင်မြင်ဖို့ ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြားမှာ အပြန်အလှန် ယုံကြည်မှုတွေနဲ့ နယ်ပယ် အသီးသီးမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်ဖို့က အရေးကြီးပါတယ်။ အခုထိတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်အကြား အပြန်အလှန် ယုံကြည်မှု အပြည့်အ၀ ရနေပြီလို့ ပြောလို့ မရသေးဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး တကယ်ရဖို့ တပ်မတော်ဟာ အဓိက အခန်းကဏ္ဍက ပူးပေါင်း ပါဝင်ပြီး တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ ဒီထက် ပိုပြီး အားစိုက်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဧရာဝတီ

No comments: