Friday, March 21, 2014

၁၉၉၃ က စပြီး အမျိုးသား မှတ်ပုံတင်ကိုင်ထားတဲ့ သူတွေဆီက သူတို့ ကဒ်တွေကို အတင်းအားဓမ္မ သိမ်းယူပြီး White Card ထုတ်ပေးခဲ့တာတွေဟာ ဥပဒေနဲ့ ညီညွတ်ပါသလား။ ယာယီကဒ်ပြားတွေ ဆိုရင် အခု အနှစ် ၂၀ ကျော်လာတဲ့တိုင် အခြား ကဒ်ပြားတစ်ခုခု ထုတ်ပေးဖို့ ဘာလို့ မလုပ်ခဲ့တာလဲ။ “White Card သို့မဟုတ် အရင်စစ်အစိုးရက ရခိုင်တွေအတွက် ထားရစ်ခဲ့တဲ့ လက်ဆောင်” စည်သူအောင်မြင့် မြန်မာတိုင်းမ် ဂျာနယ်၊ ၂၁-၃-၁၄။ ပြီးခဲ့တဲ့ ရက်ပိုင်းက အမျိုးသားလွှတ်တော်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခု တင်ပါတယ်။ တင်ပြီးနောက် ဥပဒေကြမ်းကော်မတီက သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို လွှတ်တော်တွင်း ရှင်းပြပါတယ်။ တစ်ဆက်တည်း အမတ်တွေက ရှုဒေါင့်အသီးသီးကနေ ဆွေးနွေးကြပါတယ်။ နောက်ပိုင်း ဆွေးနွေးချက်တွေ ဦးတည်သွားတာက White Card ပြသနာ ဖြစ်လာပါတယ်။ တကယ်တော့ ဒီ White Card ဇတ်လမ်းကို စခဲ့တာဟာ အရင် အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ (န၀တ) စစ်အစိုးရဖြစ်ပါတယ်။ White Card တွေကို ၁၉၉၃ ခုနှစ်ကတည်းက စ ထုတ်ပေးတာကို တွက်ရင် ခုဆို နှစ်ပေါင်း ၂၀ ကျော်ကြာပါပြီ။ အခုတော့ White Card ကိုင်ထားသူ ၇ သိန်းခွဲလောက်ကို ရခိုင်တိုင်းရင်းသားတွေ ရင်ဆိုင်နေရပါပြီ။ တစ်ပြည်လုံးမှာဆို ၈ သိန်းခွဲရှိပါတယ်။ White Card ပြသနာဟာ ဘယ်လို ပြသနာလဲ၊ အရင် စစ်အစိုးရက မြန်မာနိုင်ငံသားတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ အတွက် တမင် ချန်ထားရစ်ခဲ့တဲ့ ပြသနာကြီးတစ်ခုလား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။ ပြသနာအကြောင်းပြောရင် ၂၀၁၀ ရွေးကောက်ပွဲကို အရင် အစပြုရပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲကာလက ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား နှစ်သန်း ခုနှစ်သိန်း နီးပါး ရှိပါတယ်။ အဲဒီအချိန် White Card ကိုင်ထားတဲ့ ဘင်္ဂလီ (သူတို့အခေါ်) ရိုဟင်ဂျာ ဦးရေက ၇ သိန်းခွဲ ရှိပါတယ်။ White Card ကိုင်မထားသူတွေပါ ပေါင်းရင် ဒီထက် အရည်အတွက် ပို များပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့အခါ စစ်အစိုးရဟာ ရွေးကောက်ပွဲ ဥပဒေတွေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ လိုမျိုးတွေကို စိတ်တိုင်းကျ ပြုစုပါတယ်။ နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေ ပြုစုတဲ့အခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့် နဲ့ မဲပေးခွင့် ကို အထောက်အထား ကဒ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်ထားသူ အားလုံးကို ခွင့်ပြုခဲ့ပါတယ်။ အစိုးရက ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေးကဒ်ပြား၊ အမျိုးသားမှတ်ပုံတင်ကဒ် (အရင်ကဒ်ဟောင်း)၊ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ် နဲ့ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူအားလုံး ခွင့်ပြုခဲ့ပါတယ်။ ရွေးကောက်ခံပိုင်ခွင့် တစ်ခု ကိုပဲ နိုင်ငံသား တစ်မျိုးတည်းကို ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန် ရခိုင်ပြည်နယ်မှာ အရင် ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲ မ၀င်ပါဘူး။ ဒေါက်တာအေးမောင် ဦးဆောင်ပြီး အသစ်တည်ထောင်လိုက်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ရွေးကောက်ပွဲ ၀င်ပါတယ်။ ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသားတွေကို အဓိကထား စည်းရုံးပါတယ်။ စည်းရုံးမှုအားလည်း အလွန်ကောင်းကြပါတယ်။ ထုံးစံအတိုင်း ပြည်ခိုင်ဖြိုးပါတီကတော့ မဲပေးခွင့်ပြုထားတဲ့ White Card ကိုင်ဆောင်သူ ဘင်္ဂလီတွေဘက်ကို စည်းရုံးပါတယ်။ ရွေးကောက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်မှာလည်း မသမာမှု မျိုးစုံ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရခိုင်ပြည်သူတွေရဲ့ တွန်းတွန်းတိုက်တိုက် ကြိုစားမှုကြောင့် အမတ်နေရာ အများစု အနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလာဒ်အရ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စု အဆင့် အမတ် ၁၆ ယောက်၊ ပြည်နယ်အဆင့် ၁၈ ယောက် ပေါင်း ၃၄ ယောက် အရွေးခံရပြီး ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုအဆင့် အမတ် ၁၃ ယောက်၊ ပြည်နယ်အဆင့် ၁၄ ယောက် ပေါင်း ၂၇ ယောက်ပဲ အရွေးခံရပါတယ်။ တကယ်လို့သာ ဘာအဆင့်အတန်းမှန်း မစိစစ်ရေသေးတဲ့ White Card ကိုင်ထားတဲ့ ဘင်္ဂလီတွေသာ မဲပေးခွင့်မရဘူးဆိုရင် ပြည်ခိုင်ဖြိုး ပါတီ အဲဒီထက် အခြေအနေ ဆိုးမှာပါ။ တိုင်းရင်းသားတွေ အားလုံးမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရွေးကောက်ခံရမှု ရလာဒ် အချိုးအစားဟာ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ခုဆို ၂၀၁၅ ရွေးကောက်ပွဲ နီးလာပါပြီ။ အရင် စစ်အစိုးရက ဥပဒေပြဌာန်း ဖန်တီးထားခဲ့တဲ့ ဒီ နိုင်ငံသားဖြစ်မှန်း မဖြစ်မှန်း မသိနိုင်သေးသူတွေကို မဲပေးခွင့်ပေးထားတဲ့ ကိစ္စ ပြင်ဆင်ဖို့ ကြိုးစားလာကြပါပြီ။ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာအေးမောင်က အရင်စစ်အစိုးရ ဖန်တီးသွားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကိုပြင်ဆင်ဖို့ အမျိုးသားလွှတ်တော်မှာ တင်ပါတယ်။ မကွေးအမတ် ဦးလှဆွေက ကန့်ကွက်ပေမယ့် အများစုက ထောက်ခံတဲ့အတွက် အဲဒီ ကိစ္စ ဆွေးနွေးဖို့ဖြစ်လာပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ ဥပဒေကြမ်းကော်မတီက သူတို့ တွေ့ရှိချက်တွေကို တင်ပြပါတယ်။ အဓိက ဆိုလိုရင်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကိစ္စကို နိုင်ငံသားတွေကပဲ ဆောင်ရွက်သင့်တယ်၊ ဒါကြောင့် ရွေးကောက်ခံပိုင်ခွင့်၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မဲပေးခွင့် အားလုံး နိုင်ငံသားတွေကိုပဲ ပေးသင့်တယ် ဆိုပြီး ဖြစ်ပါတယ်။ ဒါကို အားလုံးက သဘောတူကြပါတယ်။ ရခိုင်တိုင်းရင်းသားတွေရော၊ မွန် အပါအ၀င် အခြား ဘယ်တိုင်းရင်းသား အမတ်တွေကမှ မကန့်ကွက်ကြပါဘူး။ ဒါပေမယ့် ရခိုင်အမှတ်(၇) က ပြည်ခိုင်ဖြိုးအမတ် ဦးဌေးဝင်း ခေါ် ဦးဇာယာဒ်က White Card ကိစ္စ ရှင်းပြပါတယ်။ ဦးဌေးဝင်း ခေါ် ဦးဇာယာဒ်က အရင် စစ်အစိုးရဟာ ၁၉၉၃ ခုနှစ်မှာ သူတို့ကိုင်ဆောင်တဲ့ အမျိုးသားမှတ်ပုံတင်တွေကို သိမ်းဆည်းပြီး လက်ရှိ မြင်တွေ့နေရတဲ့ White Card တွေ ထုတ်ပေးခဲ့တဲ့အကြောင်း၊ ဒီ ဥပဒေကြမ်းကို အတည်မပြုသေးခင် သူ့လို မှတ်ပုံတင် အသိမ်းခံရပြီး White Card ကိုင်ထားတဲ့သူတွေကို သက်သေခံ လက်မှတ် တစ်မျိုးမျိုး အရင် လုပ်ပေးဖို့ လိုတဲ့အကြောင်း၊ အဲလို လုပ်ပေးပြီးမှသာ နိုင်ငံသားတွေပဲ ပါတီထောင် မဲပေးနိုင်မယ့် ဥပဒေကြမ်း ပြင်ဆင်မှုကို လုပ်စေလိုကြောင်း တင်ပြခဲ့ပါတယ်။ သူက ဥပဒေကြမ်းပြင်ဖို့ကို မကန့်ကွက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တင်ပြချက်ဟာလည်း မှန်ကန်နေတဲ့အတွက် အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီ ဥပဒေကြမ်း ပြင်ဆင်ဖို့ ခေတ္တ ဆိုင်းငံ့လိုက်ပြီး ဥပဒေကြမ်းကော်မတီက အမတ်တွေ ပြောဆိုတာကို ပြန်ကြားနာဖို့ ညွှန်ကြားလိုက်ပါတယ်။ လွှတ်တော်ထဲမှာ ဦးဌေးဝင်းခေါ် ဦးဇာယာဒ်ဟာ အရင်စစ်အစိုးရနဲ့ လ၀က ကို အကြီးအကျယ် ချီးကျူးစကားပြောခဲ့ပေမယ့် ဒီ White Card ထုတ်ပေးတာကိုတော့ နိုင်ငံတော်ရဲ့ ဥပဒေနဲ့ မညီဘူး ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ခုဆို အရင်စစ်အစိုးရနဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရကို မေးခွန်းထုတ်ရပါတော့မယ်။ ၁၉၉၃ က စပြီး အမျိုးသား မှတ်ပုံတင်ကိုင်ထားတဲ့ သူတွေဆီက သူတို့ ကဒ်တွေကို အတင်းအားဓမ္မ သိမ်းယူပြီး White Card ထုတ်ပေးခဲ့တာတွေဟာ ဥပဒေနဲ့ ညီညွတ်ပါသလား။ ယာယီကဒ်ပြားတွေ ဆိုရင် အခု အနှစ် ၂၀ ကျော်လာတဲ့တိုင် အခြား ကဒ်ပြားတစ်ခုခု ထုတ်ပေးဖို့ ဘာလို့ မလုပ်ခဲ့တာလဲ။ ပြသနာတွေကို ဘာလို့ မဖြေရှင်းပဲ ထားခဲ့တာလဲ။ ခုထိ ဘာလို့ မဖြေရှင်းသေးတာလဲ စတာတွပဲ ဖြစ်ပါတယ်။ ခုဆိုရင် ရခိုင်တိုင်းရင်းသားတွေ ဒီကိစ္စ ပြောဆို အရေးဆိုလာပါပြီ။ တစ်ချို့ရခိုင်တိုင်းရင်းသားတွေက ဒီပြသနာ အရင် စစ်အစိုးရက မွှေးပေးသွားတဲ့ မီးအဖြစ် မမြင်နိုင်ကြပဲ ဘင်္ဂလီတွေဘက် ခေါင်းတည်နေပါပြီ။ ရခိုင်တိုင်းရင်းသားတင်မက ဘယ်သူကမှ နိုင်ငံသား ဖြစ်မှန်း မဖြစ်မှန်း မသိသူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့် ပြုထားတာ မကျေနပ်ကြပါဘူး။ ဒီအတွက် သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရ အနေနဲ့ ရခိုင်တိုင်းရင်းသားတွေကို ထိန်းချုပ်နိုင်အောင်၊ ရခိုင်တိုင်းရင်းသားတွေ မူလ နိုင်ငံရေးရည်မှန်းချက်တွေကနေ လမ်းလွဲသွားအောင် White Card ပြသနာကို အသုံးချမနေတော့ပဲ အမြန်ဆုံး ဖြေရှင်းပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ စည်သူအောင်မြင့်။

No comments: