Wednesday, March 26, 2014

ယဉ်ကျေးမှုဆိုတာ...(၁) --------------------------- ယနေ့မြန်မာနိုင်ငံသည်တိုးတက်လာသည်ဟုတချို့ခေါ်ဝေါ်သည်။ ခေတ်မှီသည်ဟုလည်း တချို့သုံးစွဲကြပြန်သည်။ တိုးတက်ခြင်း ခေတ်မှီခြင်းအပေါ် မည်သို့သော အတိုင်းထွာ ပေတံများနှင့်တိုင်းတာသနည်းဟု မေးစရာရှိသည်။ ခေတ်ကာလ ရွေ့လျားခြင်းနှင့်လူနေမှုပုံစံပြောင်းလဲခြင်းသည်သမားရိုးကျလမ်းစဉ်တစ်ခုမျှသာ ဖြစ်သည်ဟုသတ်မှတ်လိုသည်။ မြန်မာနိုင်ငံ တိုးတက်ခြင်း၊ ခေတ်မှီခြင်းများအား တချို့တိုင်းတာသည်က စံလွဲသည့်အနေထားမျိုးရှိသည်။ တချို့တိုင်းတာသည့် ပုံစံက တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ခေတ်ကို အမှီလိုက်နိုင်အောင် လိုသည်ဟုပြောကြသည်။ ထိုစကားကို မငြင်းပယ်လိုပါ။ မှန်သည်။ သို့သော်... လမ်းမလွဲရန်လိုသည်။ မှန်ကန်သော နည်းဖြင့် ခေတ်ကိုအမှီလိုက်ရန် လိုအပ်လှပေစွ။ ယနေ့ကမ္ဘာခေတ်ရေစီကြောင်း၊ယဉ်ကျေးမှုဆင်းသက်ပုံ(၂၀)ရာစုနှောင်းပိုင်းကာလကဲ့သို့မဟုတ်တော့ပါ။ နိုင်ငံတိုင်းလူနေမှုစနစ် ပြောင်းလဲလာသည်နှင့်အမျှ ခေတ်ကာလပေါ် အခြေခံကာ ယခင်များနှင့် မတူတော့ပေ။ထို့အတူ နိုင်ငံချင်းနယ်နမိတ်ထိစပ်ပုံအရ ယဉ်ကျေးမှု စီးဆင်းသည့်ပုံစံမှာလည်း ထိစပ်လျပ်ရှိသောနယ်နမိတ်အရ ယဉ်ကျေးမှု စီးဆင်းပုံသည် ယှက်နွယ်သည့်ပုံသဏ္ဍန်ရှိပေသည်။ ကောင်းသော်... ကောင်း၏။ သို့သော်...မကောင်းဟုလည်း ပြန်သုံးသပ်နိုင်ပေသည်။ (စာကြွင်း) ကျွန်တော်တို့ငယ်စဉ်က သင်ခဲ့ရသောစာတွင်.... မြန်မာပြည်သည် တို့ပြည်။ မြန်မာစာသည် တိုစာ။ မြန်မာစကားသည် တို့စကား.... ဟူသော စကားလုံးလေး ပြန်အမှတ်ရမိသည်။ ယနေ့မြန်မာပြည်တွင်း ယဉ်ကျေးမှု တချို့ကို မြင်ရသည်က နီးစပ်ရာနိုင်ငံတို့၏ ယဉ်ကျေးမှုစီးဆင်းပုံ လွှမ်းမိုခံရမှုက အတော်ပင်ဝမ်းနည်းစရာ။ တရုတ်ဇာတ်ကားတွေ လွှမ်းမိုးချိန်က (ပိုင်ဝေ့) အင်္ကျီအတော်ခေတ်စားဖူးသည်။ ဂျပန်ဇာတ်ကားများခေတ်စားချိန် (အိုးရှင်း) ဆံထုံးခေတ်စားဖူးသည်။ သိပ်ပြသနာမရှိသေး။ရာကူဇာဇာတ်ကားတွေ ခေတ်စားချိန် လူငယ်တွေ ကြောင်ကြောင်ကြားကြားထိုးလိုက်ကြတဲ့အရုပ်တွေ။ထားပါပြသနာမရှိသေး။ကိုရီးယားဇာတ်ကားတွေ ခေတ်စားချိန် မြန်မာမိန်းကလေးတွေ အရက်သမားတွေဖြစ်ကုန်တာတော့ ပြသနာရှိလာတယ်။ ဒီထက်ဆိုးတာကတော့ ... သူတစ်ပါးမယားရှိလင်ပါ ကြောင်တောင် နှိုက်ရဲလာတာ ရှော့တော်တော်ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ထပ်ပြီးပြသနာတက်တာက အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတွေပါကိုရီးယားမင်းသားတွေသဘောကျပြီးမိန်းမဆန်လာတာ ခြောက်လာတာတော့ အတော်ကိုဆိုးပါတယ်။ သူကအားကျတာ မင်းသားထင်လို့ အဲ့ဒီမင်းသားတွေ ခြောက်မခြောက် သေချာတော့မသိ။ မိန်းကလေးက ယောက်ျားလေးလိုပြင်ပြီး သရုပ်ဆောင်မှန်းမသိ။ ဘုမသိဘမသိ။ မိန်းကလေးတွေကလည်းမိန်းမချောဆို ကြွေကြတာပေါ့။ ယောက်ျားလေးတွေက နောက်ပိုင် နုတ်ခမ်းနီတွေတောင်ဆိုးလာ... မျက်နှာမိတ်ကပ်ဖို့ပြီး မိန်းကလေးအသုံးဆောင်တွေသုံးလာရင်းကျားစိတ်ပျောက်။မ...စိတ်တွေ တောင်ဝင်လာတဲ့ကလေးတချို့တွေ့ဖူးပါတယ်။ ဘယ့်နှယ့် ...လမ်းတော့လွဲနေပြီ။ လှချင်တာနဲ့ ဘုန်းကညာတစ်ပါးတွေ လုံးရာက ပြားလာတာ စိတ်တော့အတော်ပျက်မိတယ်။ (ကျားကိစ္စထားဦး) ပြသနာရှိတာက မိန်းကလေးတွေကိစ္စ။ တုကြပါတယ် ဘယ်နိုင်ငံက ဘယ်လို ...။ ဘယ်မင်းသမီးက ဘာသုံးတယ်။ နိုင်ငံခြား မင်းသမီးတွေက သူတို့အတွက် စံပြနေရာရောက်လာပြီး မြန်မာဆိုတဲ့စိတ်ဘယ်နေရာမှာကျပျောက်သွားမှန်း မေးဖော်မရတော့ဘူး။ နိုင်ငံတကာကိုတုတာကအလှအပ၊ နိုင်ငံတကာကမိန်းကလေးတွေ ဘယ်လောက်တော်တယ်။ ထက်မြက်နေလဲ၊ ငါတို့ခေတ်မှီသင့်တာဘာလဲ အသေချာတွေးဖို့ကောင်းတယ်။ သူတစ်ပါးနိုင်ငံက မိန်းကလေးတွေ အလုပ်ကိုဘယ်လိုကြိုးစားတယ်။ပညာတွေတတ်အောင်ဘယ်လိုခက်ခက်ခဲခဲရုန်းကန်ရတယ်။ ဒါတွေအတုလိုက်မယူဘူး။ ဘယ်မင်းသမီးက ဘယ်ဇာတ်ကားထဲမှာ သူ့ချစ်သူကောင်လေးကို မူးပြီးရမ်းပြတာ.... ဒါတော့အတုယူတယ်။အရက်သောက်၊ ဘီယာသောက်မူးပြ...ဇာတ်ကားထဲကလို ကောင်လေးကချော့မချော့တော့မသိဘူး။ မြန်မာကဆေးရုံက (ဘောရှင်း)လူနာဆောင်ထဲတော့ရောက်ရောက်လာတာမနည်း။ ဆရာဝန်တွေပိုသိမှာပါ။ ဒီတော့ တခြားနိုင်ငံ လူနေမှုယဉ်ကျေးမှုနဲ့ ကိုယ့်နိုင်ငံ ကျင့်သုံးတဲ့ အလေ့ထ စရိုက်ပိုင်းတွေ ကိုက်ညီမှသုံးတာပိုအဆင်ပြေမယ်ထင်ပါတယ်။ သူ့အိုးနဲ့သူဆန်မတန်တဲ့အခါမျိုး ပြသနာအတော်ကိုရှိပါတယ်။ ခေတ်မှီတယ်ဆိုတာလည်း အထိုက်အလျှောက် လက်ခံပါတယ်။ မငြင်းပါဘူး။ ခေတ်မှီတာနဲ့ စုတ်ပဲ့တာကွာပါတယ်။ ၀တ်စားဆင်ယင်မှု ဆိုရင် ယနေ့မြင်ရတာ တချို့ အတော်ကိုဆိုးပါတယ်။ သူတစ်ပါးနိုင်ငံက ချမ်းအေးတဲ့ရာသီဥတုနဲ့ တစ်ကိုလုံးလုံအောင်ဖုံးတယ်။ ငယ်ရာက ကြီးသည်အထိ တော်ရုံနေလောင်တာ၊ ထိခိုက်ဒဏ်ရာမရှိဘူး။ ခြေသလုံးဖော်ရင် ဖြူဖွေးလို့ ... လှတယ်ပေါ့ဗျာ။ မြန်မာက မိန်းကလေးတွေကလယ်တောက၊ကိုင်းတောကတက်သူတွေလည်းရှိမယ်။ နေလောင်လို့မွဲပြာနေတဲ့အသား၊ပြီးတော့ ခြေထောက်မှာဝဲ၊ နှင်းခူ၊ ပွေးစတာတွေ ပေါက်ထားတဲ့ အသားမားတွေကကျန်သေး။ သူများနိုင်ငံကဖော်တာအားကျပြီး လိုက်ဖော်တာ အမာရွတ်တွေ ပွေးကွက်တွေက အထင်းသား။ ခြေသလုံးအသာထား။ ၀တ်တာက ဘောင်းဘီတိုပေါင်ရင်း နံငယ်ပိုင်းထိတိုတာဝတ်တယ်။ အကွက်အကွက်တွေက အထင်းသားကြွားသလိုဖြစ်နေကော။တချို့ကရှက်ဖွယ်ဆိုပြီး လှောင်တဲ့အကြည့်နဲ့ကြည့်လည်း ရှက်ရကောင်းမှန်းမသိဘူး။ အားပေးတယ်ထင်ပြီး စွတ်ပြီးထပ်ဖော်ကြပြန် လွဲတော့လွဲနေတယ်။ သင်္ကြန်မှ အပိုင်းဆက်(၂) ဆက်ရေးပါဦးမည်။ ဥယျာဉ်မှူး ၂၃.၃.၂၀၁၃

No comments: