Thursday, March 13, 2014

ခရိုင်းမီးယားသတင်းတင်လိုက်တော့ မြန်မာပြည်မှာလည်း ဝနယ်ကို အခြေခံပြုပြီး တရုတ်နဲ့ ပြဿနာတက်လာမလားဆိုပြီး စိုးရိမ်သံတွေထွက်လာတာ ကြားရတယ်။ စိတ်မပူပါနဲ့ဗျာ။ ဝခေါင်းဆောင်တွေက တရုတ်ပြည်မှာ မနေချင်ကြပါဘူး။ ဝနယ်သာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းတခုဖြစ်သွားရင် တရုတ်အစိုးရက သူတို့ စစ်တပ်ကို ချက်ချင်းဖျက်သိမ်းခိုင်းလိုက်မှာပေါ့။ ကွန်မြူနစ်အစိုးရက သူတို့ကို တရုတ်တပ်နီတော်နဲ့ အပြိုင် ဘယ်ထားပါ့မလဲ။ ခေါင်းဆောင်တွေကိုတောင် အရင်က မူးယစ်ဆေးဝါးအမှုတွေနဲ့ သေဒဏ်ပေးမလား မသိဘူး။ လူလူချင်းခင်ပေမယ့် သန်းတထောင်ကျော်ကို ငြိမ်အောင်ထိမ်းနိုင်ဖို့က ပေါ်လစီကို ဦးစားပေးဖို့ လိုတယ်လေ။ မြန်မာပြည်မှာ ဆိုရင်လား။ အရင်က ဘိန်းရာဇာတွေဖြစ်တဲ့ ဦးခွန်ဆာတို့၊ ဦးလော်စစ်ဟန်တို့တောင် သေသည်အထိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တခမ်းတနား နေသွားနိုင်တယ်လေ။ နောက်မျိုးဆက်တွေကိုပါ စီးပွားရေးအင်ပါယာကြီးတွေ ချန်ရစ်ပေးခဲ့နိုင်လေတော့ မြန်မာပြည်ထဲမှာပဲ ကိုယ်ပိုင်ပြည်နယ်တခုနဲ့ နေတော့မှာပေါ့။ ဝစစ်တပ်ကို မြန်မာအစိုးရက လက်နက်ချခိုင်းဖို့လား။ အစိုးရတပ်တွေ ထက်ဝက်လောက် ကုန်သွားစရာ ရှိပါတယ်။ ကျန်တိုင်းရင်းသားတွေကလည်း အခွင့်ကောင်းယူပြီး ဝိုင်းဆောင်လိုက်ရင် အစိုးရတောင် ပြုတ်ကျသွားနိုင်တယ်။ စစ်ကာလရှည်လာရင် တရုတ်ကလည်း ဝင်လာမယ်။ အဲဒီတော့မှ တရုတ်လက်အောက် ဝင်လည်း သူတို့အတွက် နောက်မကျသေးပါဘူး။ ကျနော့် ကိုယ်ပိုင်စိတ်ကူးနဲ့ တွေးကြည့်တာတော့ အဲဒီလို ရှိတယ်။ စိတ်မပူပါနဲ့ဗျာ။ ဝခေါင်းဆောင်တွေက မြန်မာပြည်မှာပဲ ဆက်နေချင်ကြပါတယ်။ သူတို့တွေက မြန်မာဗိုလ်ချုပ်တွေကို တွင်းထဲက ထွက်လာတဲ့ တီကောင်လောက်ပဲ သဘောထားတာပါ။ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း

No comments: