Saturday, October 1, 2016

ဦးသိန်းစိန်အစိုးရ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ပယ်ချခံရ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) တင်သွင်းသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၇/၂၀၁၅) ကို ရွေးကောက်ပွဲခုံအဖွဲ့(၁)က ကြားနာစစ်ဆေးပြီးနောက်  စက်တင်ဘာ ၃၀ ရက်တွင်  ကန့်ကွက်လွှာကို ပယ်ချခဲ့ခြင်းဖြစ်သည်ဟု အောက်တိုဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ဦးစိုးမောင်မှာ သမ္မတဦးသိန်းစိန်လက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၇/၂၀၁၅) ကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေ (ဥပဒေကျွမ်းကျင်သူ) နှင့် ဦးဝင်းမော် (ဥပဒေကျွမ်းကျင်သူ) တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၁)က ကြားနာစစ်ဆေးပြီးနောက် စက်တင်ဘာ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးတိုးရွှေ(ခ) ဒေါက်တာ တင်ဌေးအောင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးမောင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ ကန့်ကွက်လွှာကို စရိတ်နှင့် တကွပယ်ခဲ့ပြီး ရှေ့နေစရိတ် ကျပ်သုံးသောင်း သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမောင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးရွှေ(ခ) ဒေါက်တာတင်ဌေးအောင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) ရရှိသော မဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသော မဲများ မပါရှိခဲ့သော် လျှောက်ထားသူသာလျှင် ခိုင်လုံမဲအများဆုံး ရရှိမည်ဖြစ်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၇/၂၀၁၅) ဖြင့် ကော်မရှင်က လက်ခံခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုပေါင်းမှာ စက်တင်ဘာ ၃၀ ရက်အထိ ၃၄ မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ ၂၃ မှုရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှသိရသည်။

ဇော်မင်းထွန်း
The Ladies News

No comments: