မြစ်ကြီးနား၊ စက်တင်ဘာ ၂၄
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ယခုလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့များကို တိုက်ခိုက်ကာ ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံ ၁၆ ဦးကို ဖမ်းဆီးနိုင်ရေးအတွက် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ အပူတပြင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မိုးညှင်းမြို့နယ် မမုံကိုင်အုပ်စု မိုင်းနောင်ကျေးရွာမှ သစ်ခွဲစက်အတွင်း စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီက မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားခံများက တုတ်၊ ဓားများ ဖြင့် သေနတ်လုယူကာ ပြန်လည်တိုက်ခတ်မှုကြောင့် ဒုရဲမှူးတစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်မှ တရားခံများကို ဖမ်းမိရေး ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောကြားသည်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထွက်ပြေးတဲ့ လူတွေကို တွေ့ရင် အချိန်မီ သတင်းပေးကြဖို့၊ အဲလူတွေကို လက်ခံထားရှိရင်တော့ ရာဇသတ်ကြီးပုဒ်မ ၂၁၂/၂၁၆ အရ လက်ခံထားသူတွေကို ဥပဒေအရ အရေးယူသွားမယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ တရားခံများအနက် ငါးဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၁၆ ဦးမှာ လွတ်မြောက်နေသေးရာ တာဝန်ရှိ ဝန်ထမ်းများကို ထိခိုက်နာကျင်စေအောင် ပြုမူမှုဖြင့် ပ (၄၅)/၂ဝ၁၆၊ လက်နက်ဥပဒေ ပုဒ်မ ၂ (၁) (က) ဖြင့် လည်းကောင်း၊ ပ ၄၆/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၁၁၄၊ မယ (ပ) ၃၆၊ မူး စိတ် ၁၅/ ၁၉ (က)/၂ဝ(က )/၂၂ (ခ) ၂၁ တို့ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရုံးထံမှ သိရသည်။
No comments:
Post a Comment