Wednesday, November 30, 2016

ဖမ်းဆီးခံရသည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးအား သေဆုံးလျက်တွေ့ရှိ

 

KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးအား သေဆုံးလျက်တွေ့ရှိနိုဝင်ဘာ ၃၀၊ ၂၀၁၆

KIA/TNLA/MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းရွာအနီးရှိ အောရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ၀န်ထမ်းသုံးဦးအနက် ကျော်ဇင်ဦးမှာ ယင်းနေ့တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသူ နှစ်ဦးအနက် ဦးတင့်နိုင်အား နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက နမ့်ဖတ်လွန်းကျေးရွာ အနီးရှိ တောစပ်၌ ယာလည်ပင်းမှ ဦးခေါင်းအထိ ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ နောက်ကျောခါးရိုးမှ ဗိုက်အထိ ကျည်ဖောက်ထွက် ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့သည်။ ကျန်တစ်ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။

ပျောက်ဆုံး ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်ရောက်ရှိ

နိုဝင်ဘာ ၃၀၊ ၂၀၁၆

KIA လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် ကွတ်ခိုင် မြို့နယ် နမ့်ဖတ်ကာရဲကင်းစခန်းမှ ဒုရဲအုပ် မြင့်ဌေးနှင့် ရဲတပ်ကြပ် လင်းထက် တို့သည် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

၎င်းတို့၏ ပြောကြားချက်အရ နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်း၌ မူဆယ်မြို့နယ်တရားရုံးမှ နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လာစဉ် ညနေ ၅ နာရီခွဲတွင် နမ့်ကွက်ကျေးရွာသို့ အရောက် KIA လက်နက်ကိုင် ၁၀ ဦးခန့်က ၄င်းတို့ကားကို လက်နက်များဖြင့်ချိန်၍ တားဆီးခဲ့ကြောင်း၊ ၄င်းနောက် ၄င်းတို့ ၂ ဦးကို လက်ထိပ်ခတ်ပြီး KIA လက်နက်ကိုင်များ စခန်းချနေသည့် တောင်ကုန်းပေါ်သို့ ခေါ်သွား ခဲ့ကြောင်း၊ ၎င်း၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ၄င်းတို့၏ လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းကာ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

State Counsellor Office Information Committee

No comments: