Saturday, November 26, 2016

ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌအား ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်


===============================
၂၆..၁၁..၁၆
-
ပုသိမ်ခရိုင် ငွေဆောင်မြို့တွင် နိုဝင်ဘာ ၂၄ ရက်က ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒု-ဥက္ကဋ္ဌ တစ်ဦးအား ကျေးရွာအုပ်ချုပ်
ရေးမှူး တစ်ဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားထားမှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။
-
ဖြစ်စဉ်မှာ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ
ဖြစ်သူ ဦးဆန်းရွှေက ၎င်း၏ Facebook အကောင့်ဟုဆိုသော U San Shwe အကောင့်အမည်ဖြင့် “ဆင်မကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဆင်မကျေးရွာရှိ အရက်ပုန်းဆိုင်များအား အရက်ဆီများကို မယူမနေရ လိုက်လံဖြန့်ဖြူးနေကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တူသား နောင်မယ် ပစ္စည်းဖြစ်၍ ယူပေးရမည်ဟု နာမည်အလွဲသုံးစား ပြုလုပ်နေပါကြောင်း၊ EC ရပ်ကျေးမှ လာရောက်တင်ပြပါသည်။ ဥက္ကဋ္ဌနှင့် ပါတီလွှတ်တော်၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပါသည်။
-
အမှန်တရား ဖော်ထုတ်ရှင်းလင်းရန်လိုမည်” ဟု ရေးသားဖော်ပြ
ခြင်းတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ ယင်းရေးသား ဖော်ပြချက်နှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် ဆင်မကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ကိုလွင်က ငွေဆောင်မြို့မ ရဲစခန်းတွင် နိုဝင်ဘာ ၂၁ ရက်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်  အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက် ညနေတွင် ဦးဆန်းရွှေအား ငွေဆောင်မြို့မ ရဲစခန်းက ဖမ်းဆီး၍ ပုသိမ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားခြင်း
ဖြစ်ကြောင်း သိရသည်။
-
ယင်းကဲ့သို့ တရားစွဲဆိုခဲ့သည်အထိ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဆင်မကျေးရွာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်နိုင်နှင့် ဒုဥက္ကဋ္ဌ
ဖြစ်သူ ဦးလွင်ဦးတို့က မြို့နယ်ဒုဥက္ကဋ္ဌဖြစ်သူ ဦးဆန်းရွှေထံ ဆင်မကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ကိုလွင် (ယခင် ဆင်မကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘဏ္ဍာရေးမှူး) နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းမြင့်၏ အရှိန်အ၀ါကို အသုံးပြုကာ ရန်ပုံငွေအတွက် ဟုဆိုကာ အရက်ဆီများအား ဖြန့်ဝေရောင်းချခြင်းများ ပြုလုပ်နေကြောင်း၊ အရက်ပုန်းဆိုင်များကို အစည်းအဝေး ခေါ်ယူကာ ရန်ပုံငွေ အတွက်ဟု အကြောင်းပြပြီး တစ်လလျှင် အရက်ဆီ ငါးဂါလန်အား ၀ယ်ယူရန် ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ငါးဖမ်းလှေများကိုလည်း အစည်း
အဝေး ခေါ်ယူကာ ရန်ပုံငွေကောက်ခံခြင်းများ ပြုလုပ်နေကြောင်း စွပ်စွဲတိုင်ကြားမှုများနှင့် ပတ်သက်၍ ဦးဆန်းရွှေက နိုဝင်ဘာ ၂၀ ရက်တွင် ဆင်မကျေးရွာသို့ သွားရောက်၍ တိုင်ကြားသူများအား စစ်ဆေးခဲ့ပြီးနောက် ၎င်း၏ Facebook စာမျက်နှာပေါ်တွင် အထက်
ဖော်ပြပါကဲ့သို့ ရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရေးသားမှုနှင့် ပတ်သက်၍ ဦးဆန်းရွှေမှ ၎င်း၏ Facebook စာမျက်နှာမှ ပြန်လည်ဖယ်ရှားပေးခြင်း ပြုခဲ့သော်လည်း ယခုကဲ့သို့ တရားစွဲ
ဆိုသည်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းဖြစ်စဉ်အား လေ့လာ
ခဲ့သည့် ငွေဆောင်မြို့ခံ လူမှုရေး အဖွဲ့အစည်းများထံမှ သိရသည်။
-
ဦးဆန်းရွှေအား နိုဝင်ဘာ ၂၅ ရက်က ပုသိမ်မြို့နယ် တရားရုံးသို့ ရမန်ယူရန် ခေါ်ဆောင်လာစဉ် စွပ်စွဲခံရမှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် “အင်တာနက်မှာ ငွေဆောင် ဆင်မ အုပ်ချုပ်ရေးမှူးရဲ့ မဟုတ်တဲ့ လုပ်ကွက်တွေကို တင်ပြတဲ့အနေနဲ့ တင်မိလို့လို့ အကြမ်းဖျင်း သိရတယ်။ ကျွန်တော့်ကို ဖမ်းတုန်းကတော့ တစ်ယောက်တည်းပါ။ အခုထပ်ပြီး ဖမ်းတယ်လို့သိတယ်။ အတိအကျတော့ မသိပါဘူး။ ကျွန်တော့်အနေနဲ့ ကျန်းမာရေး တော်တော် ခံစားနေရပါတယ်။ ဆေးကုသခွင့် ခံချင်ပါတယ်။ ဆေးကုသမှု လုံလုံလောက်လောက် ရချင်ပါတယ်” ဟု ဦးဆန်းရွှေက ပြောကြားသည်။
-
အဆိုပါ အမှုဖြစ်စဉ်အား ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များမှ လာရောက် လေ့လာ
ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က “အားလုံးက ကိုယ့်လူတွေပါပဲ။ နှစ်ဦးနှစ်ဖက် ပြေပြေလည်လည် ဖြစ်သွားဖို့ ဆန္ဒရှိပါတယ်” ဟု ပြောကြားသည်။
-
ဦးဆန်းရွှေအား တရားစွဲဆိုထားမှုများနှင့် ပတ်သက်၍ ပုသိမ်မြို့မ ရဲစခန်းမှူး ဦးမျိုးသူက “ငွေဆောင် ရဲစခန်းကနေ (ပ) ၃၉/၂၀၁၆ ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ လာရောက် အပ်နှံတာကို မြို့မ
စခန်းအနေနဲ့ လက်ခံထိန်းသိမ်း ပေးတာပါ။ ကိုယ့်စခန်း မဟုတ်တော့ အမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မသိပါဘူး” ဟု ပြောကြားခဲ့ပြီး တရား
လိုဖြစ်သူ ဆင်မကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
=====
ELEVEN

No comments: