Friday, November 25, 2016

Eleven ၏ CEO နှင့် အယ်ဒီတာချုပ်ကို အာမခံ ပေးမပေး နိုဝင်ဘာ ၃၀ ရက် အမိန့်ချမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ပြီး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် The Daily Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တာမွေမြို့နယ် တရားရုံးက အာမခံပေး မပေး အမိန့်ချမည်ဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

“ဒီနေ့ Eleven က CEO နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ စတင်တရားစွဲဆိုခဲ့တယ်။ တရားစွဲဆိုခံရသူဘက်က အာမခံရရှိဖို့ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားအစုံနဲ့ ရုံးတော်မှာ လျှောက်ထားခဲ့ပြီး တရားသူကြီးက အာမခံပေး မပေးကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ အမိန့်ချမယ်” ဟု တရားစွဲဆိုခံရသူ နှစ်ဦးဘက်မှ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

အာမခံ လျှောက်ထားခဲ့ရာတွင် ဒေါက်တာသန်းထွဋ်အောင်၏ ကျန်းမာရေး မကောင်းမွန်ကြောင်း ဆေးစာအထောက်အထားများနှင့်အတူ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အခြားမြို့မယ် တရားရုံးများတွင် တရားစွဲဆိုခံရသူအချို့ အာမခံ ရရှိခဲ့သည့် အမှုဖြစ်စဉ်များကို ရုံးတော်ထံ တင်ပြခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ဒေါ်လာသိန်းကျော်တန် နာရီ ဝန်ကြီးချုပ်ထံ လက်ဆောင်ပေးသည်ဟူသော Facebook တွင် ရေးသားချက်ကြောင့် ဒေါက်တာသန်းထွဋ်အောင်နှင့် Eleven Media Group တို့ကို အရေးယူပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဒေါက်တာသန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့ နှစ်ဦးက အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် လာရောက်အဖမ်းခံခဲ့ကြောင်း ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။

Eleven ၏ CEO နှင့် အယ်ဒီတာချုပ်တို့ လာရောက်အဖမ်းခံပြီးနောက် အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံရစဉ် Eleven Media Group မှ ရဲစခန်းများတွင် တရားလိုပြု အမှုဖွင့်တိုင်ကြားထားသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အမှုများကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သတင်းထောက်ချုပ် ကိုမာန်သူရှိန်ထံမှ သိရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခံရသည့် Eleven ၏ CEO နှင့် အယ်ဒီတာချုပ်ကို ပြန်လွှတ်ပေးရန် ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

THE VOICE

No comments: